Saturday, April 20, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ


 
နေပြည်တော် ဧပြီ ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာစစ် ဘက် နည်းပညာပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ညနေ ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အူလန်အူဒယ် မြို့သို့ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ULAN-UDE Aviation Plant မန်နေးဂျင်းဒါရိုက်တာ Mr.ALEXEY KOZLOV ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ်ကျော်စိုးမိုးနှင့် တာဝန်ရှိသူ များက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် (၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံ (8th Moscow Conference on International Security)သို့တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံအစိုးရနှင့် တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် အထင်ကရနေရာများအား လှည့်လည ကြည့် ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
(သတင်းစဉ်)
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment