ရန်ကုန်
ဧပြီ ၂၂
အိုင်ဗရီကို့စ်နိုင်ငံတွင်
စားသုံးရန်မသင့်ဟုဆိုကာ မြန်မာ့ဆန်များ ဖျက်ဆီးခြင်းခံရသည့်ကိစ္စရပ်သည် မြန်မာ့ဆန်
အရည်အသွေးနှင့် သက်ဆိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ
ဦးရဲမင်းအောင်က ပြောကြားသည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံးတွင်
ယနေ့ မွန်းလွဲ ၃ နာရီက ပြုလုပ်သော မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ
စိစစ်လေ့လာတွေ့ရှိချက်များ၊ ဖြစ်စဉ် အကြောင်းတရားများ အပေါ်
သတင်းမီဒီယာတွေ့ဆုံရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ
ဦးရဲမင်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာ့ဆန်အရည်အသွေးနဲ့
အခုဖြစ်တဲ့ကိစ္စနဲ့က ဘာမှမသက်ဆိုင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့
ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်တွေ၊ ဆန်ပြည်ပတင်ပို့ တဲ့သူတွေအားလုံးဟာ
နိုင်ငံတကာအရည်အသွေး စံချိန်စံညွှန်းကို တတ်နိုင်သမျှ လိုက်လျောညီထွေရှိအောင်၊
ကိုက်ညီအောင် ကြိုးစားပြီးတော့ တင်ပို့နေပါတယ်။ ပြည်တွင်းစားသုံးတဲ့ဆန်တွေဟာ စားသုံးသူတွေအနေနဲ့
စိုးရိမ်စရာမရှိပါဘူး။ မြန်မာ နိုင်ငံရဲ့ ဆန်တွေဟာ ဥရောပနိုင်ငံတင်ပို့တယ်၊
ဂျပန်နိုင်ငံတင်ပို့တယ်၊ အခြားနိုင်ငံ တွေကိုလည်း တင်ပို့တယ်။
ဒီလိုတင်ပို့တဲ့ဆန်တွေဟာ တန်းမြင့်ဆန်ဖြစ်ပါတယ်။ ပြည်တွင်းမှာစားသုံးနေတဲ့
ပေါ်ဆန်းတို့၊ ရွှေဘိုပေါ်ဆန်းတို့ ဆန်တွေဟာလည်း အရည်အသွေးမြင့်တဲ့ ဆန်တွေဖြစ်ပါတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍
ဘက်ပေါင်းစုံမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး Ocean Princess သင်္ဘောသည် စက်တင်ဘာ ၁၅ ရက်ကစ၍ မြန်မာနိုင်ငံမှ ထွက်ခွာပြီး
အာဖရိကနိုင်ငံများတွင် ဆန်များရောင်းချလျက်ရှိကြောင်း၊ အချိန်ကာလအားဖြင့် ၁၀ လခန့်
ကြာမြင့်နေပြီး သင်္ဘောပေါ်ဆန်တင်နေချိန်တွင် မိုးရွာသွန်းသည့်အတွက်
မိုးမိသည့်အနေအထားဖြစ် ကြောင်း၊ ပင်လယ်ပြင်သင်္ဘောထဲ၌ ၉ လကျော် ၁၀ လနီးပါး
ထားရှိသည့် ဆန်များ ဖြစ်ခြင်းကြောင့် အရည်အသွေး ကောင်းမွန်ဖို့ ဆိုသည်မှာ
မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
▲ကန်ဒေါ်လာ
သန်းတစ်ထောင်ကျော်ရှာဖွေပေးနိုင် ▲
မြန်မာနိုင်ငံတွင်
ဆန်ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းသည် ပြည်တွင်း၌ စားသုံး ပြီး၂၀ ရာခိုင်နှုန်းခန့်သာ
ပြည်ပသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ။ ၂၀၁၇-၂၀၁၈ ခုနှစ်တွင်
ဆန်တန်ချိန်သုံးသန်းကျော် ပြည်ပတင်ပို့နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင်
ဆန်တန်ချိန် ၂ ဒသမ ၃ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်
ဒေါ်လာသန်းတစ်ထောင်ကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ
ထူးခြားဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးလေ့လာတွေ့ရှိချက်များကို
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဆက်လက်ရှင်းလင်း
ပြောကြားရာ Ocean Princess သင်္ဘောဖြင့်
အာဖရိကနိုင်ငံအိုင်ဗရီကို့စ်သို့ တင်ပို့လိုက်သောဆန်များသည် ရန်ကုန်အခြေစိုက်
အိုလန်အင်တာနေရှင်နယ်ကုမ္ပဏီ လီမိတက်(စင်ကာပူအခြေစိုက်)မှ
ဝယ်ယူသွားခြင်းဖြစ်ကြောင်း။
▲ဆန်တန်ချိန်နှစ်သောင်း
စာချုပ်ချုပ် ▲
အဆိုပါ
ကုမ္ပဏီထံသို့ ရွှေဝါရောင်ကုမ္ပဏီ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် ဧရာဟင်္သာကုမ္ပဏီတို့က
ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း၊ ရွှေဝါရောင်ကုမ္ပဏီသည် အိုလန်အင်တာနေရှယ်နယ်
ကုမ္ပဏီလီမိတက်ထံ ဆန်တန်ချိန်နှစ်သောင်း စာချုပ်ချုပ် ဆိုပြီး သင်္ဘောဖြင့် ဆန်တန်
ချိန် ၁၃၅၀၀ ကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးကော် ပိုရေးရှင်းအနေဖြင့်
ဆန်တန်ချိန် ၈၀၀၀ ကိုလည်းကောင်း၊ ဧရာဟင်္သာကုမ္ပဏီအနေဖြင့် ဆန်တန်ချိန် ၅၀၀ ကို
လည်းကောင်း Ocean Princess ဖြင့်
တင်ပို့ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆန်များဝယ်ယူခဲ့သည့်
အိုလန်ကုမ္ပဏီအနေဖြင့် အာဖရိကတိုက်ဂီနီနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး Ocean
Princess သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းသို့ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင်
ရောက်ရှိလာကာ မိုးရွာသွန်းနေသည့်အတွက် ဆန်တင်ကာလ တစ်လခွဲနီးပါး ကြာမြင့်ခဲ့ကြောင်း
သိရသည်။ သင်္ဘောသည် ဆန်တန်ချိန် ၂၂၀၀၀ ကို တင်ဆောင်ပြီး၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၅
ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားပြီး အိန္ဒိယနိုင်ငံတွင်
ဆန်တန်ချိန် ၁၄၀၀၀ ထပ်မံ တင်ဆောင် ခဲ့ကြောင်း သိရသည်။
▲ဆန်အလေးချိန်
မပြည့်သည့် ပြဿနာပေါ်▲
ထို့နောက်
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဂီနီနိုင်ငံ ကွန်နရီဆိပ်ကမ်းကို ရောက်ရှိကာ သင်္ဘောပေါ်မှ
ဆန်တန်ချိန် ၄၀၀၀ ချပြီးနောက် ဆန်အလေးချိန် မပြည့်သည့် ပြဿနာပေါ်ခဲ့ပြီး
အရည်အသွေးစစ်သည့် ကုမ္ပဏီကလက်မခံခဲ့ကြောင်း၊ ကျန်အာဖရိကနိုင်ငံဖြစ်သော
တိုဂိုနှင့်ဂီနီတို့သို့ သင်္ဘောဆက်လက်ထွက်ခွာသွား ကြောင်း သိရသည်။
အိုလန်ကုမ္ပဏီအနေဖြင့်
မြန်မာ့ဆန်ကို ကမ္ဘာတွင်ရှိသော စားသောက်ကုန် စစ်ဆေးရာ အမြင့်ဆုံးအဖွဲ့အစည်းများသို့
ပို့ဆောင်စစ်ဆေးခဲ့ပြီးဖြစ်၍ စားသုံးရန်သင့် ကြောင်း မှတ်ချက်များ၊ အထောက်အထားများ
ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
▲သွင်းကုန်ပါမစ်ညှိနှိုင်း
ဆောင်ရွက်▲
ထိုသို့ဖြစ်နေစဉ်အတွင်း
မြန်မာ့ဆန်စားသုံးရန် မသင့်ဟု အိုင်ဗရီကို့စ်နိုင်ငံမီဒီယာမှ သတင်းထုတ်ပြန်ခဲ့ကာ
အဆိုပါသတင်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်ခန့်မှစ၍ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အိုလန်ကုမ္ပဏီ အနေဖြင့် စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံလာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံသို့
ပြန်လည်ပို့ဆောင်ရန် သွင်းကုန်ပါမစ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည့်အတွက် သွင်းကုန်
ပါမစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။ သို့သော် သင်္ဘောသည် ပြန်လည်ရောက် ရှိလာခြင်းမရှိဘဲ
မြန်မာနှစ်ဆန်းနှစ်ရက်နေ့တွင် စားသုံးရန်မသင့်၍ ဖျက်ဆီးလိုက်သည်ဟု
သတင်းသိရသည့်အတွက် ဆန်များသင်္ဘောပေါ်မှချပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဘက်မှ
သိရှိရကြောင်း ကနဦးတွေ့ရှိချက်များအဖြစ် သိရသည်။
အဆိုပါ
မြန်မာ့ဆန်များဖျက်ဆီးခံရမှုကိစ္စနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံဆန်စပါး
အဖွဲ့ချုပ်၊ ဆန်တင်ပို့သူ၊ အရည်အသွေး စစ်ဆေးသည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ
အဖွဲ့အစည်းများ ပါဝင်သည့် အစည်းအဝေးကို မကြာခင် ပြုလုပ်သွားမည်ဖြစ်ကြောင်း
ယနေ့စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
▲စားသုံးရန်မသင့်
စကားလုံးအားချေဖျက်ရန်▲
ထို့ပြင်
အာဖရိကတိုက်ရှိ အိုင်ဗရီကို့စ်နိုင်ငံတွင် မြန်မာ့ဆန်များစားသုံးရန် မသင့် ဟုဆိုကာ
ဖျက်ဆီးခဲ့ခြင်းသည် မြန်မာ့ဆန်ကို နာမည်ပျက်စေသည့်အတွက် အဆိုပါ “စားသုံးရန်မသင့်” ဆိုသည့် စကားလုံးအားချေဖျက်ရန်
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် လုပ်ဆောင်နေကြောင်း
ယနေ့သတင်းမီဒီယာရှင်းလင်းပွဲမှ သိရသည်။
“ဒီဆန်ကို
ဖျက်ဆီးဖို့လိုလာပြီဆိုရင် ဝယ်သူတစ်ယောက်တည်းနဲ့ ဖျက်ဆီးလို့ မရဘူး။
သက်ဆိုင်ရာဝယ်လာတဲ့ ကုမ္ပဏီကို အကြောင်းကြားရမယ်။ သက်ဆိုင်ရာ နိုင်ငံ၊ သံရုံးကို
အကြောင်းကြားရမယ်။ ဒီလိုအကြောင်းကြားမှုမရှိဘဲ ဖျက်ဆီးလိုက် တာဟာ ဖျက်ဆီးသူမှာ
တာဝန်ရှိတယ်။ ဒီအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို
တင်ပြပြီးတော့ မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ စကားလုံးကို ဖြေရှင်းပေးဖို့
တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး
အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)

No comments:
Post a Comment