Tuesday, April 9, 2019

၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲကျင်းပ


နေပြည်တော် ဧပြီ၉
၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အခြေခံစာတတ် မြောက်ရေး လုပ်ငန်း ဖွင့်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ညောင်ဦးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခြေခံ ပညာ အထက်တန်းကျောင်း(ပုဂံ)မှ ကျောင်းသားကျောင်းသူ များက ” လူတိုင်းအတွက် ပညာရေး” သီချင်းကို သီဆိုဂုဏ်ပြု၍ အခမ်းအနားကို ဖွင့်လှစ် သည်။
ထို့နောက် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီ နာယက၊ ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နွေရာသီကာလ တက္ကသိုလ်ကျောင်းပိတ်ချိန်တွင် အနားမယူဘဲ မွန်မြတ်သည့် စေတနာဖြင့် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းတွင် ပညာဒါန လုပ်အားပေးကြမည့် ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများအား အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေငါးသန်းကျော်သည် မြန်မာစာအရေး၊ အဖတ်၊ အတွက် တတ်မြောက်မှု မရှိသေးပါကြောင်း၊ လူတိုင်းဘ၀ သာယာရေးအတွက် ၀င်ငွေစီးပွားရေး ကောင်းမွန်ဖို့ အရေးကြီးပါကြောင်း၊ ၀င်ငွေစီးပွားရေး ကောင်းမွန်ဖို့အတွက် အခြေခံအရေး၊အဖတ်၊ အတွက် တတ်မြောက်ရေးသည် အလွန်အရေးကြီး ပါကြောင်း၊ အကြောင်းအမျိုး မျိုးကြောင့် အခြေခံ စာမတတ်မြောက်ခဲ့သူများ စာတတ်မြောက်ရေးအတွက် ယခင်က နွေရာသီ ကာလများတွင်သာ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ဆောင်ရွက်နိုင် ခဲ့သော်လည်း ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ တက္ကသိုလ်ကျောင်းသားကျောင်းသူ များအားလပ်ချိန်ဖြစ်သည့် ဧပြီ၊မေ၊နှင့် အောက်တိုဘာ၊ နိုဝင်ဘာလများတွင် အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကြားကာလများတွင် ဒေသခံစေတနာရှင် လုပ်အားပေး လူငယ် မောင်မယ်များဖြင့် တစ်နှစ်ပတ်လုံး အခြေခံစာတတ် မြောက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ဆောင်ရွက် နေပါ ကြောင်း။
ယနေ့မှစ၍ ရက်ပေါင်းလေးဆယ်အတွင်း ညောင်ဦးခရိုင်တွင် စာသင်ဝိုင်း ပေါင်း (၁၀၆)၀ိုင်းမှ စာသင်သား (၁၀၃၃)ဦးအား မန္တလေးတက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်တို့မှ စေတနာရှင် လုပ်အားပေး ကျောင်းသား ကျောင်းသူ (၂၂၃) ဦးတို့က အခြေခံ စာတတ်မြောက်ရေးအတွက် သင်ကြားပေး သွားမည်ဖြစ်ပါ ကြောင်း၊ စာတတ် မြောက် ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အားလုံးညီညီ ညွှတ်ညွှတ် ၀ိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးကြစေလိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူက အမှာစကားပြောကြားကာ စေတနာရှင်လုပ်အား ပေးကျောင်းသား ကျောင်းသူများ၊ ကြီးကြပ်ဆရာရာမများနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။
အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) ကျောင်းသား ကျောင်းသူလေးများက “ပုဂံအက” ဖြင့် သရုပ်ဖော် တင်ဆက် ဖျော်ဖြေ ကြသည်။
ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်ထွန်းက ဖွင့်ပွဲတွင် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ယင်းနောက် စာတတ်မြောက်ရေးလှုပ်ရှားမှု Video Clip ပြသပြီးကျောင်းပြင်ပ နှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment