Tuesday, April 9, 2019

(၆၁)ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုး (ခေါ်) ဂန်းခွမ့်တံခွန်တိုင်ပွဲတော် အခမ်းအနားကျင်းပ


ကယား ဧပြီ ၉
(၆၁)ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုး(ခေါ်) ဂန်းခွမ့်တံခွန်တိုင် ပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်း ကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ကေ့ထျိုးဘိုးအဖွဲ့ချုပ်ဥက္ကဌနှင့် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌတို့က ကဗ္ဗည်းမော်ကွန်း ကျောက်စာတိုင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဗဟိုစင်မြင့်ပေါ်သို့ ကေ့ထျိုးဘိုးဗျာ စယ်များက နေရာယူကြကာ ကေ့ထျိုးဘိုးရိုးရာ ဂေါပကအဖွဲ့ချုပ်ဥက္ကဌ ဦးပိုးရယ်အောင်သိန်းက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ် စုပေါင်း(၁၃၀) ကျော်ရှိရာ လူမျိုးတိုင်းတွင် မိမိတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ကျင်းပသည့် နေ့ထူးနေ့မြတ် အခမ်းအနားများ ရှိကြပါကြောင်း၊ ထိုအထဲတွင် ကယားပြည်နယ်အတွင်း မှီတင်းနေထိုင် လျက်ရှိတဲ့ ကယား၊ ကယန်း၊ယင်းဘော် အစရှိသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်သည့် (၆၁) နှစ်မြောက် ကေ့ထျိုးဘိုး(ခေါ်) ဂန်းခွမ့်တံခွန်တိုင် ပွဲတော်ကြီးမှာလဲ တစ်ခုအပါ အဝင်ဖြစ်ပြီး ပွဲတော်ကြီးကို နှစ်ကာလရှည်ကြာအောင် အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက် လာခဲ့ကြသူများ ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ချီးကျူးပါကြောင်း၊ မိုးလေဝသ မှန်ကန်စေရေး၊ ဆန်ရေစပါး ပေါများစေရေး၊ ရောဂါဘယကင်းဝေးစေရေးနှင့် တိုင်းပြည်အေးချမ်း သာယာရေးဆိုသည့် မျှော်မှန်းချက်နှင့် ကျင်းပသည့် ယနေ့ပွဲတော်ကြီးမှာ ပြည်သူများရယူလိုသည့် အေးချမ်းသာယာသည့် လူနေမှုဘဝရရှိ ရေးအတွက် ကောင်းမွန်သည့် မျှော်မှန်းချက်ဖြစ်၍ နှစ်ထောင်းအားရမှု ရှိပါကြောင်း၊ ပင်လုံစာချုပ်ပါ သဘောတူညီချုပ်ဆိုထားသော အချက်အလက်များအကောင်အထည် ဖော်မှုအားနည်း ခဲ့ခြင်းကြောင့် ပြည်တွင်းစစ်ဖြစ်နေကြသည်မှာ နှစ်ပေါင်းရှည်ကြာခဲ့ပြီး ပြည်တွင်းစစ်ကြောင့် နိုင်ငံ့စီးပွားရေး နိမ့်ကျ ခဲ့ရသည်ကိုလည်း အားလုံးအသိပင်ဖြစ်ပါကြောင်း၊
ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသော စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် မိမိတို့အားလုံး အတူ တကွကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းရေးကိုများစွာ အထောက်အကူပြုတာကို သိရှိပြီးဖြစ်၍ ဒေသခံစီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရအဖွဲ့၊ ပြည်သူတို့နှင့် လက်တွဲ၍ ဒေသတွင်းလူနေမှုအဆင့် အတန်းမြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် တိုင်းရင်းသားနယ်မြေဒေသ ဖွံ့ဖြိုးတိုး တက်ရေးရရှိအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ် လှမ်းမှ ကူညီရန်လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ပြီး ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေးအတွက် မိမိတို့လူမျိုး၏ အကြောင်းကို တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် လူမှုမီဒီယာကဏ္ဍမှ နေဖြန့်ဝေပေးကြရန်၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက်လည်း အမျှော်အမြင်ရှိရှိဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြသည်။
ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်နှင့် ရှမ်းပြည်နယ် ကယန်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ခွန်အေးမောင် တို့က အားပေးစကားပြောကြသည်။
ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပဒေသာ ဆုရရှိသည့် အဖွဲ့များအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment