နေပြည်တော်
ဧပြီ ၁၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမောင်သည် ဧပြီ ၁၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံမြို့သို့
ရောက်ရှိပြီး ကျိုင်းတုံလေဆိပ်တွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့်
သတင်းနှင့်ပြန်ကြားရေးကောင်တာအား စစ်ဆေးကာ ဝန်ကြီးဌာနအနေဖြင့် Digital Platform ဖြင့်
စတင်သွားနေပြီဖြစ်သည့်အတွက် Digital နည်းပညာဖြင့် ပြောင်းလဲ၍ သတင်းအချက်အလက်များ ပေးနိုင်ရေး
ဆောင်ရွက်ရန် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ကျိုင်းတုံမြို့တွင် လွန်ခဲ့သော
နှစ်ပေါင်း ၆၀၀ ကျော်က ဂုံရှမ်းလူမျိုးများ၏ ယုံကြည်စွာဆောင်ရွက်ခဲ့ကြသော လောဝ်ကုတ်
(ခေါ်) ဖားစည်ပို့ဆောင် ပူဇော်ပွဲနေရာဖြစ်သော နမ့်ခင်ချောင်းသို့ သွားရောက်ကြည့်ရှုခဲ့ကာ
၎င်းပွဲတော်ကို ပြည်တွင်းပြည်ပခရီးသွား များ ပိုမိုသိရှိနိုင်စေရေး Digital နည်းပညာအသုံးပြု
လွှင့်တင်နိုင်ရန် ဆောင်ရွက်စေခဲ့သည်။ ယင်းနောက် ခရီးစဉ်အသစ်ဖော်ထုတ်နိုင် မည့် လွယ်မွေမြို့သို့
ထွက်ခွာခဲ့ပြီး လွယ်မွေမြို့တွင်းရှိ ဒေသဝိုင် ထုတ်လုပ်မှု လုပ်ငန်းများ၊ ကိုလိုနီခေတ်
နှစ်(၁၀၀)ပြည့် အဆောက်အဦများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဟိန္နူ ဘုရားကျောင်းများ အားကြည့်ရှု၍
တာဝန်ရှိသူများအား ခရီးစဉ်အသစ်ဖော်ထုတ်ရေးအတွက် လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ကျိုင်းတုံမြို့ Amazing Keng Tong Hotel ခန်းမ၌ ကျိုင်းတုံမြို့ရှိ ဟိုတယ် လုပ်ငန်းရှင်များ၊
ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ပို့ဆောင်ရေးအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍
ပြည်ပ ဧည့်သည်များ ၀င်ရောက်မှုလွယ်ကူစေရန် ဗီဇာဖြေလျှော့ပေး မှုကိစ္စရပ်များ၊ Digital
Marketing ဆောင်ရွက် နေမှုများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို
ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြမှုများ အပေါ် ရှင်းလင်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၁၅ ရက်နံနက်တွင်
မဲခေါင်မြစ်ကို ဖြတ်သန်းထားသည့် မြန်မာ-လာအို ချစ်ကြည်ရေးတံတား သို့ရောက်ရှိကာ ဌာနဆိုင်ရာတာဝန်ရှိသူများက
လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက နှစ်နိုင်ငံခရီးစဉ်တစ်ခု၊
သုံးနိုင်ငံ ခရီးစဉ်တစ်ခုဖြစ်လာရေး လိုအပ်သည်များ မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဧပြီ(၁၆)ရက် နံနက်(၈)နာရီတွင်
ခရီးသွားဧည့်သည်များ ဝင်/ထွက် သွားလာနေသည့် မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားသို့
ကြည့်ရှုစစ်ဆေးပြီး နံနက်(၁၀) နာရီတွင် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွား လုပ်ငန်းရှင်များ၊
ဧည့်လမ်းညွှန်များ၊ ပို့ဆောင်ရေးလုပ်ငန်းရှင်များနှင့် ပလက်တီနမ် စတားဟိုတယ်တွင် တွေ့ဆုံ၍
ယခင်နှစ် တွင် ပြည်ပခရီးသွား ဧည့်သည် အနည်းငယ်ကျဆင်းခဲ့၍ နိုင်ငံတော်မှ ဗီဇာ ဖြေလျှော့မှု
များ ခွင့်ပြုခဲ့မှုများကြောင့် ယခုနှစ် ခရီးသွား ၀င်ရောက်မှု ပြန်လည်တိုးတက်လာသည့် အခြေအနေများ၊
Digital Platform စနစ်ဖြင့် ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနမှ သက်ဆိုင်ရာ
တိုင်းဒေသကြီး ပြည်နယ်များသို့ ခရီးသွား လုပ်ငန်းဆိုင်ရာ လိုင်စင်ခွင့်ပြု ထုတ်ပေးခြင်းနှင့်
လုပ်ပိုင်ခွင့်များ လွှဲပြောင်းဖြေလျှော့ ဆောင်ရွက်ပေးမှုများအား အသေးစိတ် ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ
တာချီလိတ်မြို့၏ ခရီးသွားလုပ်ငန်းတွင် တွေ့ကြုံနေရသော အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက်လိုမှုများ
တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြား၍ ဌာဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment