နေပြည်တော် ဇန်နဝါရီ ၂၅
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးသည် အမေရိကန်နိုင်ငံ ထိပ်တန်းတက္ကသိုလ်ကြီးများ ပါဝင်သော
Faces of Tomorrow အဖွဲ့မှ Founder and Director ဖြစ်သူ Dr. Brian
Rubinstein ဦးဆောင်သော အဖွဲ့နှင့် ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ
အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံ၍ မွေးရာပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ
ခွဲစိတ်ကုသ ပြုပြင်မှုဆိုင်ရာများကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် Dr. Brian Rubinstein နှင့်အဖွဲ့က Faces of Tomorrow အဖွဲ့၏ ၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး “တောက်ပသော အနာဂတ်အတွက် တောက်ပသော အပြုံးများ” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာတစ်ဝန်းတွင် မွေးရာပါနှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသပြုပြင်မှုပေးခြင်း၊ သွားတုဆိုင်ရာ ကုသပြုပြင်မှုပေးခြင်း၊ ကုသမှုခံယူပြီးလူနာများကို စကားပြော လေ့ကျင့်ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက် ပေးလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူပေါင်း၍ ခွဲစိတ်ကုသမှု ပေးနေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန နှင့်ပူပေါင်း၍ မွေးရာပါ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာများအား ခွဲစိတ်ပြုပြင်ကုသမှုများတွင် Faces of Tomorrow အဖွဲ့နှင့် အတူ တိုင်းဒေသကြီး/ပြည်နယ်များမှ သွားဘက်ဆိုင်ရာ ဆရာဝန်များကိုပါ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံမှ ဆရာဝန်များအနေဖြင့် ပညာရပ်ဆိုင်ရာ အတွေ့အကြုံများ ရရှိနိုင်ပါကြောင်း၊ Faces of Tomorrow အဖွဲ့တွင် ပါဝင်သည့် သူနာပြုများ၏ စွမ်းဆောင်ရည် မြင့်မားမှုကိုလည်း တွေ့ရှိရပါသဖြင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သူနာပြုများကို ပါဝင်စေခြင်းဖြင့် ပညာရပ်ပိုင်းဆရာ အတွေ့အကြုံများ ရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားများ စွမ်းရည် မြင့်မားရေးနှင့် အခန်းကဏ္ဍ မြင့်မားရေးကို ဦးစားပေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ ဆရာဝန်များနှင့် သူနာပြုများအတွက် မွေးရာပါနှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ လူနာများအား ခွဲစိတ်ပြုပြင် ကုသမှုပေးခြင်း ပညာရပ်အပါအဝင် ပြုပြင်ခွဲစိတ် ကုသမှုပညာရပ်များအား လက်တွေ့ပြသခြင်း၊ ပူးပေါင်းကုသမှု ပေးခြင်းများ ပြုလုပ် စေလိုပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:
Post a Comment