Saturday, January 12, 2019

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ လုပ်ငန်းညှိနှိုင်း


နေပြည်တော် ဇန်နဝါရီ ၁၁
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနမှ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အိုင်စီတီကျွမ်းကျင်ရေး ဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရည်အသွေးပြည့်ဝသော ဆရာ ဆရာမများ ဖြည့်ဆည်းနိုင်ရေး အတွက် ဆရာ ဆရာမများ ပြုစုပျိုးထောင်ပေး ရာတွင် မွမ်းမံသင်တန်းများနှင့် တစ်သက်တာ သင်ကြားသင်ယူလေ့ကျင့် ရေးအစီအစဉ်များဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဘာသာရပ်အလိုက် လက်တွေ့ ဒေသအကျိုး၊ နိုင်ငံအကျိုး ရရှိမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်၍ သုတေသနစာတမ်း ဖတ်ကြားခြင်း၊ သုတေသနဂျာနယ်များ တွင် စာတမ်းများ ရေးသားပြုစုခြင်းတို့ကို ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆရာ ဆရာမ လိုအပ်ချက်ဖြည့်ဆည်းရာတွင် တစ်ဘာသာချင်းအလိုက် တက္ကသိုလ်များ ကိုနှိုင်းယှဉ်၍ လိုအပ်ချက်အရ စိစစ် သုံးသပ်တင်ပြရန် လိုပါကြောင်း၊ တက္ကသိုလ်များတွင် လက်တွေ့နယ်ပယ် နှင့်နီးစပ်သော ဘွဲ့သင်တန်းအစီအစဉ် များ၊ သင်ရိုးညွှန်းတမ်းများ၊ လက်တွေ့ အခြေပြုသင်ယူခြင်းများ ပြုလုပ် ဆောင်ရွက်ကြရန်နှင့် တက္ကသိုလ် ပဋိညာဉ်စာတမ်း အတည်မပြုသေးမီ ကာလတွင် ဘာသာရပ်ဆိုင်ရာ စီမံခန့်ခွဲ ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ တက္ကသိုလ် ကောင်စီ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ရုံးလုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲမှုနှင့် စီမံကိန်းလုပ်ငန်းများ ကျွမ်းကျင်ရေး၊ အင်္ဂလိပ်စာအရည်အသွေး ကောင်းမွန် ရေးနှင့် အိုင်စီတီနည်းပညာ ကျွမ်းကျင် ရေး အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေရန် လိုကြောင်း။
ညီညီညွတ်ညွတ် ဆောင်ရွက်
ကျောင်းသား ကျောင်းသူများကို စာမေးပွဲရမှတ် များများရရှိရေးထက် စိတ်ကောင်းရှိရန်၊ အလွတ်ကျက်မှတ် သင်ယူခြင်းမှ စဉ်းစားတွေးခေါ်မှုကို အားပေး၍ သင်ယူပြီးရင်း သင်ယူနိုင်ရန်၊ နက်နက်နဲနဲ သင်ယူနိုင်ရန်နှင့် တစ်သက် တာ သင်ယူလေ့ကျင့်နိုင်ရန် အတွက် ကူးပြောင်းဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ ပညာရေးကောလိပ်များကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ် နှင့် ဟားခါးကောလိပ် များတွင် ဥပဒေပညာ ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်နိုင် ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ကျောင်းသား ကျောင်းသူများကို ဒေသ အကျိုး၊ နိုင်ငံအကျိုး ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုနိုင်မည့် ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသော ဘွဲ့ရလူငယ် မောင်မယ်များဖြစ်စေရန် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးညှိနှိုင်း
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက မိမိတို့၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ဆောင်ရွက်နေမှုများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ် ဆွေးနွေးညှိနှိုင်းပေးကြသည်။
သတင်းစဉ်

No comments:

Post a Comment