Monday, January 7, 2019

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် သာကေတမြို့တည်နှစ်(၆ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်


ရန်ကုန် ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် Fortune Plaza တွင် သာကေတမြို့တည်နှစ် (၆ဝ)ပြည့်အထိမ်းအမှတ် အခမ်း အနားကို ယမန်နေ့က ကျင်းပခဲ့သည်။

ဖွင့်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရခိုင်တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်တို့ က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာကေတ မြို့နယ်သည် အနာဂတ်တွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ အချက်အချာကျစွာ ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အလား အလာရှိပြီး ရန်ကုန်မြို့၏ စက်မှုဇုန်များ တည်ရှိသည့် အထဲတွင် သာကေတမြို့နယ် ပါဝင်ကြောင်း၊ အစိုးရသစ် လက်ထက် သာကေတမြို့နယ်ကို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ပြောကြားသည်။
''ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေ လုပ်ကြတဲ့အခါမှာ သာကေတ မြို့နယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ကြတဲ့အခါ မှာလည်း သာကေတ မြို့သူမြို့သားတွေ ပါဝင်တဲ့ မြို့နယ် အသင်းကြီးထူထောင်ပြီး မြို့ရဲ့ပညာရေး၊ ကျန်းမာရေး ကဏ္ဍ နယ်ပယ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပံ့ပိုးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကလည်း မြို့ကို ပိုမိုဖွံ့ဖြိုးတိုးတက် စေဖို့ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယင်းနောက် သာကေတမြို့နယ် နှစ် (၆ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေးအတွက် အလှူငွေပေးအပ် လှူဒါန်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်က စတင်တည် ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး ( ပြန်/ဆက် )

No comments:

Post a Comment