Saturday, November 10, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးကော်မတီ ညှိနှိုင်းအစည်းအဝေး သို့တက်ရောက်


စစ်တွေ နိုဝင်ဘာ ၁၀
နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွား သူများအားစိစစ်၍ ပြန်လည်လက်ခံရန် စီစဉ်နေခြင်းဖြစ်ပါကြောင်း၊ စိစစ်ခြင်း လုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပြီး နှစ်နိုင်ငံ သဘောတူညီ စာချုပ်အတိုင်း ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ နှစ်နိုင်ငံသဘောတူစာချုပ်အရ သဘောတူလက်မှတ် ထိုးသည့်နေ့မှ (၂)လအတွင်း စတင်လက်ခံရန် အသင့်ဖြစ်ပါကြောင်း၊ ပြန်လည် လက်ခံရန်အတွက် ယုံကြည်မှုရှိရန်နှင့် ပွင့်ပွင့်လင်းလင်းရှိရန် လိုအပ်ပါကြောင်း၊ UNHCR/ UNDPနှင့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ခြင်းသည် ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာ ချထားရေး ကိစ္စများကို ပံ့ပိုးကူညီ နိုင်ရန်ဖြစ်ပါကြောင်း၊ ပထမအသုတ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘော တူညီချက် အရ (၂၂၅၁)ဦးကို ပြန်လည်လက်ခံမည်ဖြစ်ပါကြောင်း၊ မလွဲမသွေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်၍ အောင်မြင်စွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဆောင်ရွက်ရမည့်တာဝန်များကို လုပ်ထုံး လုပ်နည်း နှင့်အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်နှင့် ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက် ပေးကြရန် လိုအပ် ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်လက်ခံရေး ကိစ္စရပ်များ၊  ပြန်လည်နေရာချထား ရာတွင် ဆောင်ရွက်ရမည့် လိုအပ်ချက်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြ သည်။
အစည်းအဝေးသို့ ဒုတိယ၀န်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ  တက်ရောက် ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် စစ်တွေမြို့ရှိ smart အထည်ချုပ်စက်ရုံနှင့် ခိုင်ပြည်စိုး အထည် ချုပ်စက်ရုံများသို့ သွားရောက်၍ ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး ဦးတည် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းအကောင်အထည်ဖော်မှုများကို လေ့လာကြည့်ရှုပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ရေး ညှိနှိုင်းပေးသည်။
အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဒုတိယ ၀န်ကြီး ဦးစိုးအောင် သည် Red Cross Movement အနေဖြင့် ဆောင်ရွက်လျက်ရှိသော IFRC၊ ICRC နှင့် MRCS အဖွဲ့များအား တွေ့ဆုံပြီး ပြန်လည်လက်ခံရေးနှင့် ပြည်လည်နေရာချထားရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment