နေပြည်တော် ဇူလိုင် ၁၄
e-ID
စနစ်လုပ်ငန်း ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်(၁၃) ရက်၊ မွန်းလွဲ(၂) နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့
e-ID စနစ်လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လုပ်ငန်း ကော်မတီဝင်များနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
အစီအစဉ်အရ
e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတော်
အစိုးရအနေဖြင့် e- Government ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများကို
ဝန်ဆောင်မှုပေးနေရသည့် ဝန်ကြီးဌာနအနေဖြင့် Online စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ကြီးဌာနများ
အားလုံး အသုံးပြုနိုင်မည့် Single Platform တစ်ခုတည်ဆောက်ရန် လိုအပ်လျက်ရှိပါကြောင်း၊
ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွင် သက္ကရာဇ် ၂၀၃၀ ၌ လူတိုင်း
မွေးစာရင်း အပါအဝင် မှတ်ပုံတင်(၁) ခုရရှိရေးလည်း ပါဝင်ပါကြောင်း၊ ဝန်ကြီးဌာနသည် လက်ရှိအစိုးရ
စတင် တာဝန်ယူချိန်မှ စတင်၍ နိုင်ငံသား ကတ်ပြားကို နိုင်ငံတကာ အဆင့်မီ Smart Card ဖြင့်
ပြောင်းလဲထုတ်ပေးနိုင်ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြပါကြောင်း၊ ကနဦး လေ့လာ ဆန်းစစ်ခြင်းကို
ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ် အပါအဝင် ကုမ္ပဏီ/ အဖွဲ့အစည်း (၅၀) ကျော်တို့၏ ရှင်းလင်းဆွေး
နွေးလေ့လာသုံးသပ်ခြင်း၊ အခြားဝန်ကြီးဌာနများ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း
တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လေ့လာချက်များ အရ ကမ္ဘာ့နိုင်ငံများတွင် လူဦးရေ မှတ်ပုံတင်ခြင်း
(Population Registration)နှင့် နိုင်ငံသား မှတ်ပုံတင်ခြင်း (National
Registration) ဟူ၍ အဓိကအားဖြင့် စနစ်(၂)မျိုးရှိ တာကိုတွေ့ ရှိရပါကြောင်း၊ ထို့အပြင်
အိမ်နီးချင်း နိုင်ငံများနှင့်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် ဆောင်ရွက်နေသည့်
စနစ်များကိုလည်း လေ့လာခဲ့ပါကြောင်း၊ Digital စနစ်ဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင်
တွေ့ကြုံနိုင်သည့် အခက်အခဲများနှင့် ကြာမြင့်ချိန်တို့ကို သိရှိနိုင်စေရေး အတွက် လုပ်ငန်းစမ်းသပ်
ဆောင်ရွက်ခြင်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဆောင် ရွက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊
မန္တလေး၊ ရန်ကုန်နှင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့အပြင်
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲများ၊ ပြည်ပအလုပ်သမား လက်မှတ်ထုတ်ပေးရေးရုံး
(ဒဂုံမြို့သစ်မြောက်ပိုင်း)၊ ထိုင်းနိုင်ငံသံရုံးနှင့် ထိုင်းနိုင်ငံရှိ CI စခန်း
(၁၁) ခုတို့၌ လူဦးရေ (၁ ဒဿမ ၇ သန်း) ခန့်ကို Biographic Data နှင့် Biometric Data
များ ကောက်ယူနိုင်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ လေ့လာစမ်းသပ် ဆောင်ရွက်ပြီးနောက် မူလက
ရည်ရွယ်ထားသကဲ့သို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ် ပေးခြင်း ကို နည်းပညာအသုံးပြုပြီး
Digital စနစ်ဖြင့် ပြောင်းလဲထုတ်ပေးမည့် စနစ်ကိုသာ ဆောင်ရွက် မည်ဆိုပါက နိုင်ငံအတွင်း နေထိုင်သူ အားလုံး၏ အချက်အလက်များကို
ရရှိရန် ခက်ခဲနိုင်ခြင်း၊ နိုင်ငံသား များ၏ ကိုယ်ရေးအချက်အလက်များကိုသာ ထိန်းသိမ်းနိုင်ပြီး
လုံခြုံရေးအရ အခြားအစိုးရ အဖွဲ့အစည်း များနှင့် မျှဝေသုံးစွဲမှုမပြုနိုင်ခြင်း၊ နိုင်ငံတော်မှ
အကောင်အထည် ဖော်နေသည့် e- Government စနစ်နှင့်
Single Platform တစ်ခုတည်းအဖြစ် မဆောင်ရွက်နိုင်ခြင်းစသည့် အားနည်းချက်များကို တွေ့ရှိခဲ့ရပါကြောင်း။
ထို့ကြောင့်
နိုင်ငံတကာတွင် ဆောင်ရွက်နေသကဲ့သို့ နည်းပညာ အသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏
ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓာတ်ပုံ၊
(Biometric Data) များကို ရယူသိမ်းဆည်း၍ လူတစ်ဦးချင်းအတွက် Unique ID Number တစ်ခုစီပေး၍
Database တွင် မှတ်တမ်းတင် ထိန်းသိမ်းခြင်း လုပ်ငန်းကို ပထမအဆင့် အနေဖြင့် ဆောင်ရွက်ရန်နှင့်
မှတ်တမ်းတင်ပြီး သူများကို နိုင်ငံသားစိစစ်ပြီး နိုင်ငံသားကတ်ကို Smart Card ဖြင့်
ထုတ်ပေးခြင်းလုပ်ငန်းကို ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်သွားရန် လျာထားခဲ့ပါ ကြောင်း၊
ပထမအဆင့်အနေဖြင့် National Database တည်ဆောက်ရာတွင် နိုင်ငံတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏
Biographic Data နဲ့ Biometric Data များကို ကောက်ယူ၍ Unique ID Number တစ်ခုချင်းစီ
သတ်မှတ်ပေးပြီး မှတ်ပုံတင်ပေးခြင်း၊ ၎င်းနံပတ်ကို အသုံးပြု၍ အခြားဌာန၊ အဖွဲ့အစည်းများနှင့်
ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း။ e-ID စနစ်ကို မြန်မာတစ်နိုင်ငံလုံး ဒေသအနှံ့
ဆောင်ရွက်မည် ဖြစ်၍ လုပ်ငန်းပမာဏ ကြီးမားသည့်အပြင် နည်းပညာပိုင်းနှင့် လုံခြုံရေးပိုင်းတို့ကိုလည်း
ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ယင်းစနစ်ကို နိုင်ငံအတွင်း တစ်ချိန်တည်း၊
တစ်ပြိုင်တည်း၊ ဆောင်ရွက်ရမည် ဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ကြီးကြပ်မည့်
အဖွဲ့များ၊ လုပ်ငန်း အကောင်အထည် ဖော်မည့်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ယင်းလုပ်ငန်းစဉ်များ
ဆောင်ရွက်နိုင်ရေးအတွက် ယခု e-ID စနစ်လုပ်ငန်း ကော်မတီ အစည်းအဝေးကို ပထမ အကြိမ်ကျင်းပရခြင်းဖြစ်ပြီး
ယခုအစည်းအဝေးတွင် အဓိကအားဖြင့် လုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့များဖွဲ့ စည်းပေးရန်ဖြစ်ပါကြောင်း၊
ဖွဲ့စည်းမှုများနှင့် ပတ်သက်၍ လျာထားဆောင်ရွက်မှုများ အပေါ် ဖြည့်စွက်အကြံပြု ဆွေးနွေးပေးကြရန်
ဖြစ်ပါကြောင်း၊ e-ID စနစ် လုပ်ငန်း အကောင်အထည် ဖော်ဆောင် ရွက်ရန်အတွက် မိမိတို့ ဝန်ကြီးဌာနအား
Focal အဖြစ် တာဝန်ပေးအပ်ထား သော်လည်း ဆက်စပ်ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း၊
ပြည်သူများကို Online စနစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်မှာ နိုင်ငံအတွင်း နေထိုင်သူများ၏
အချက်အလက်များ တစ်စုတစ်စည်းထဲ ရှိရန်နှင့် Unique ID တစ်ခုစီ သတ်မှတ်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊
သို့မှသာ အစိုးရ၊ အဖွဲ့အစည်းများ အားလုံး မျှဝေသုံးစွဲနိုင်မယ့် Single Platform တစ်ခုကို
ထူထောင်နိုင်မည်ဖြစ်သည့်အပြင် e- Government စနစ် အောင်မြင်ရေး အတွက်လည်း အထောက်အကူ
ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်မည့် e-ID မှတ်ပုံတင် ခြင်းစနစ်သည် ပြည်သူများ၏
လူမှုစီးပွားဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျင်မြန် လာစေရန်ရည်ရွယ်၍
ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးရန်နှင့် ဤစနစ်သည် နိုင်ငံသားဖြစ်ခြင်း၊
မဖြစ်ခြင်းနှင့် သက်ဆိုင်မှု မရှိကြောင်းကို အသိပညာပေးရန် လိုအပ်မှာ ဖြစ်ပါကြောင်း၊
ထို့ပြင် ဤစနစ် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိမည့်အကျိုး ကျေးဇူး များအား
ပြည်သူအားလုံး သိရှိနားလည်ပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် မီဒီယာများ
၊ စာပေ ၊ ဂီတ၊ ရုပ်သံလိုင်းများမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရန်
လိုအပ်သည့် e-ID စနစ်လုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်
ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းလို အပ်ချက်များကို အကြံပြုသုံးသပ်
ဆွေးနွေးကြရေး တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက်
e-ID စနစ် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးသာဦးက e-ID စနစ်လုပ်ငန်း၏ အရေးပါမှုနှင့် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်မှု၊ လူတစ်ဦးချင်းစီ၏
ကိုယ်ရေး အချက်အလက်များ လုံခြုံမှုရှိစေရေးနှင့် e-Government စနစ်အတွက် အထောက်အကူပြုမည့်
လုပ်ငန်းစဉ်ဖြစ်မှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍
e- ID စနစ်လုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က e- ID စနစ်
လုပ်ငန်းကော်မတီ အနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာ
ဖွဲ့စည်းမှုနှင့် လျာထားလုပ်ငန်းများ အခြေအနေ၊ အကြံပြုဆွေးနွေးပေးရန် လိုအပ်ချက် များကို
အသေးစိတ်ရှင်းလင်း တင်ပြသည်။ ယင်းနောက် တက်ရောက် လာကြသည့် လုပ်ငန်း ကော်မတီဝင်များက
လုပ်ငန်းလို အပ်ချက်များ၊ ဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်း အခြေအနေများ၊ ရေရှည် ဆောင်ရွက်ရမည့်
နည်းလမ်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ
ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment