ဒုတိယအကြိမ် အမျိုးသားလွှတ်တော် န၀မပုံမှန် အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ဥပဒေကြမ်းတစ်ခုအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ကြသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် လွှတ်တော်သက်တမ်းသည် (၂) နှစ်ကျော် (၂) နှစ်ခွဲ နီးပါး ရှိလာပြီ ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်တိုင် ဖြည့်ဆည်းမှု၊ လေ့လာမှုအရ ထိုက်သင့်သည့် အတွေ့အကြုံများ ရရှိလာပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု န၀မပုံမှန် အစည်းအဝေး ကာလအတွင်း နိုင်ငံတော်၏အကျိုး၊ ပြည်သူများ၏ အကျိုးအတွက် လွှတ်တော်ကိုယ် စားလှယ်ကြီးများ ပိုမိုပြီး သယ်ပိုးဆောင်ရွက် နိုင်ကြလိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် အတွင်းရှိ မြစ်များ၊ ချောင်းများနှင့် မြစ်ဝများ၊ ချောင်းဝများတွင် အနည်ကျ ပိတ်ဆို့နေ သော သဲသောင်များကို စီမံကိန်းများ ရေးဆွဲပြီး တူးဖော်ရှင်းလင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုး က ရခိုင်ပြည်နယ် အတွင်းရှိ မြစ်ကြီးများ၊ ထင်ရှားသည့် ချောင်းများ ရေစီး ရေလာကောင်းမွန်ရေး၊ မြစ်ဝချောင်းဝများရှိ သဲသောင်ခုံများ ပိတ်ဆို့နေမှုအား တူးဖော် ရှင်းလင်းရန်မှာ တူးဖော်ရမည့် ပမာဏ အလွန်များပြားမည် ဖြစ်သည့်အတွက် ငွေကြေး သုံးစွဲမှုမှာလည်း များပြားမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြစ်များ၊ ချောင်း များကို လိုအပ်သည့် အရေးကြီး အပိုင်းများအလိုက် ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ တူးဖော်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည် နယ်တစ်ခုလုံး အတိုင်းအတာဖြင့် မြစ်များ၊ ချောင်းများနှင့် မြစ်ဝများ၊ ချောင်းဝများ သောင်တူးဖော် ဖယ်ရှားခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ရန်မှာ နိုင်ငံတော်၏ အထူးစီမံကိန်း တစ်ရပ်အဖြစ် ဆောင်ရွက်မှသာ ဖြစ်နိုင်ခြေ ရှိမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီး၏ ကချင်ပြည်နယ် အတွင်းရှိ သွားလာရေး ခက်ခဲသော ခေါင်လန်ဖူး၊ နောင်မွန်း၊ မချမ်းဘော၊ ပူတာအို မြို့နယ်များအတွင်း တာဝန်ကျနေသော ပညာရေးဝန်ထမ်း ဆရာ/ ဆရာမများအား နှစ်စဉ် ကျောင်းဖွင့်ချိန်နှင့် နွေရာသီကျောင်းပိတ်ရက်များတွင် သွားလာရေး လွယ်ကူ စေရန် ပူတာအို - မြစ်ကြီးနား လေယာဉ်ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲ၍ ဦးစားပေး လက်မှတ် ရောင်းချပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်မျိုး က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသား လေကြောင်းသည် ယခင်က မြစ်ကြီးနား - ပူတာအို အသွားအပြန် ခရီးစဉ်ကို တစ်ပတ် လျှင် ၄ကြိမ် ပျံသန်းပေးခဲ့ရာမှ ၂၀၁၈ခုနှစ် ဇွန်လ ၅ရက်မှ စ၍ တစ်ပတ် ၅ကြိမ်အထိ တိုးချဲ့ပျံသန်းပေးလျက်ရှိပါကြောင်း။
မြန်မာအမျိုးသား လေကြောင်းသည် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ပြင်ပမှ မိမိ၏ ကိုယ်ပိုင် ဘဏ္ဍာငွေဖြင့် ရပ်တည်နေသော လေကြောင်းလိုင်းဖြစ်ပြီး ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခုနှင့် ပြည်တွင်းလေဆိပ် ၂၃ ခု စုစုပေါင်း လေဆိပ် ၂၆ ခု သို့ ပုံမှန် ခရီးစဉ်များ ပြေးဆွဲပေးနေရခြင်းကြောင့် မြစ်ကြီးနား - ပူတာအို အသွားအပြန်ခရီးစဉ် ကိုအခါအားလျော်စွာ ခရီးသည်၏ လိုအပ်ချက် များပြားလာသည့် အချိန်များတွင်သာ လေယာဉ်ခေါက်ရေတိုးမြှင့် ပျံသန်း ပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ နှစ်စဉ်ကျောင်းဖွင့်ချိန်နှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် သက်ဆိုင်ရာမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနသို့ ကြိုတင်အသိပေး ညှိနှိုင်း လာပါက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ အတွက် လေယာဉ်ခေါက်ရေ တိုးမြှင့် ပျံသန်းပေး၍လည်းကောင်း၊ သီးသန့်လေယာဉ်ခရီးစဉ်များ စီစဉ်ပေး၍လည်းကောင်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး လေယာဉ်လက်မှတ်များကို မြန်မာ အမျိုးသားလေကြောင်း အနေဖြင့် ဦးစားပေး၍ ရောင်းချပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်း၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ ပြည်သူများမှာ လျှပ်စစ်ဓာတ်အားကို ဈေးနှုန်းကြီးစွာ ပေးနေရပါသဖြင့် သင့်တော်သက်သာသော ဈေးနှုန်းဖြင့် သုံးစွဲနိုင်ရန် ပြည်ထောင်စုအစိုးရမှ စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိ လိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် က ကော့သောင်းမြို့နယ် အတွင်း သင့်တင့်သော ဓာတ်အားခ နှုန်း ထားဖြစ်စေရန်၊ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်၊ ၀န်ဆောင်မှု ကောင်းစေရန် တို့အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ဒါရွေးချယ် အောင်မြင်ခဲ့သည့် ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်း နှင့် အထွေထွေဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ၆၃၀ ကေဗွီ အေ ဒီဇယ်ဓာတ်အားပေးစက် (၁၀)လုံးဖြင့် ဓာတ်အား ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက် ထားပါကြောင်း။
ထို့ပြင် ကော့သောင်းမြို့နယ်အတွင်း ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဖြန့်ဖြူး ပေးနေသည့် လက်ရှိဓာတ်အားခ နှုန်းထားထက် သက်သာစေနိုင်ရန် ရည်ရွယ်၍ ကော့သောင်းမြို့ တောင်ပေါ်တွင် (၃၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အလတ် စား လေအားလျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးစီမံကိန်း ၁ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြိုစူးစမ်း လေ့လာစမ်းသပ်ခြင်းကို ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Royal Eagle Myanmar Development Group Co;Ltd တို့ လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးစောချစ်ဦးနှင့် ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်မျိုးနှင့် ဒေါက်တာထွန်းနိုင်တို့က ပြန်လည်ရှင်းလင်း ဖြေကြား ကြသည်။
ယင်းနောက် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးကြည်ဝင်း က အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)အား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း မူလပြဋ္ဌာန်းသည့် ဥပဒေပုဒ်မ ၃၏ အခန်း(၂)ဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်း အခန်းတွင် အမျိုးသားလွှတ်တော်က အစားထိုးပြင်ဆင်မှုအဖြစ် ပုဒ်မ- ၃ (က)ကို အစားထိုး ပြင်ဆင် လိုက်ပါကြောင်း၊ ထိုသို့ အစားထိုးပြင်ဆင်ရာတွင် အခြားသင့်လျော်သော ပုဂ္ဂိုလ်များနေရာ၌ အမျိုးသား လွှတ်တော်၏ အတည်ပြုချက်တွင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ အရပ်ဖက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ သင့်လျော်သော ပညာရှင်များ ဟူ၍ ထပ်မံထည့်သွင်းခြင်း သည် ကိုယ်စားပြုမှုနှင့် ပညာရှင်များ ပါဝင် လာအောင် မှတ်ချက်ပြု ထည့်သွင်းထားခြင်း ဖြစ်ပါကြောင်း။
ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပြန်လည်ပေးပို့လာသောအခါ ကွဲလွဲချက် အနေဖြင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှ သင့်လျော်သည့် ပုဂ္ဂိုလ်များ ဟူ၍ပါရှိပြီး ပြင်ပမှ သင့်လျော်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း၍ လည်းကောင်း ဟူ၍ ဖြစ်သည့်အတွက် မူလပြဋ္ဌာန်းချက်နှင့် အနည်းငယ်သာ ကွာခြားပါကြောင်း၊ အမျိုးသား လွှတ်တော်၏ အတည်ပြုချက်တွင် ယနေ့ခေတ် အခြေအနေအရ အခြားသင့်လျော်သော ပုဂ္ဂိုလ်များကို ရွေးချယ်အတည်ပြုရန် သတ်မှတ် အဆိုပြုထားခြင်းမှာ သင့်လျော် မှန်ကန် ကြောင်းကို သဘောရိုးဖြင့် တင်ပြခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် န၀မပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ဇူလိုင် ၂၄ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်
No comments:
Post a Comment