Wednesday, July 11, 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ


နေပြည်တော် ဇူလိုင် ၁၁
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ညီလာခံဖွင့်ပွဲ ပထမနေ့ အပြီး ယနေ့ ညနေ (၄) နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးဇော်ဋ္ဌေး၊ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းနှင့် စိုင်းကျော်ညွန့်တို့က (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ ပြည်ထောင်စု သဘောတူစာချုပ် ဒုတိယ အစိတ်အပိုင်း အဖြစ် တင်သွင်းမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍလေးခုအတွက် အချက်ပေါင်း ၁၄ ချက်၊ မြန်မာနိုင်ငံ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သီးခြားတွေ့ဆုံသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဦးဇော်ဋ္ဌေးက "လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း ခုနှစ် ဖွဲ့တက်ရောက်တယ်။ NCA ရေးထိုးဖို့ ညှိနှိုင်းဆောင်ရွက်နေတဲ့ KNPP ကိုယ်စားလှယ်တွေ စုံညီစွာ တက်ရောက်တယ်။ နောက် မြောက်ပိုင်း ခုနှစ်ဖွဲ့က တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နဲ့ တွေ့ဆုံမှုတွေ လုပ်တယ်။ ဇူလိုင် ၁၂ ရက်နေ့မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြောက်ပိုင်းအဖွဲ့တွေ တွေ့ဆုံဖို့ရှိပါမယ်။ မီဒီယာတွေကို ဖိတ်မှာ မဟုတ်ပေမဲ့ သတင်းထုတ်ပေးမှာ ဖြစ်ပါတယ်။ KNPP အနေနဲ့လည်း ငြိမ်းချမ်းရေးကော်မရှင်နဲ့ သီးသန့်ဆွေးနွေးဖို့ ညှိနှိုင်းနေပါတယ်။ မြောက်ပိုင်းအဖွဲ့တွေ အနေနဲ့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ အဓိကထားပြီး လုပ်ဆောင်ဖို့ ဆောင်ရွက်ထားပါတယ်။ ငြိမ်းချမ်းရေးညီလာခံမှာ တင်သွင်းမဲ့ အချက် စုစုပေါင်း ၁၄ ချက်ရှိပါတယ်" ဟု ပြောသည်။
NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ နှင့်တွေ့ဆုံသွားမည် ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရ သည်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက " သူတို့အနေနဲ့ NCA စာချုပ် အမြန်ဆုံး ချုပ်ဆိုဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ အဲဒါအပြင် ကျွန်တော်တို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ မထိုးထားတဲ့ အဖွဲ့တွေ တွေ့ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့ ဒီနေ့အထိ ၁၀ ဖွဲ့ပဲ လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တော် တော်များများ တက်ရောက်ကြတယ်။ အခင်းအကျင်းကိုလေ့လာကြတယ်။ အခြေအနေ ကိုလည်း သုံးသပ်ကြတယ်။ သူတို့ပါဝင်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကြိုဆိုတယ်။ ကျွန်တော်တို့ကလည်း ကြိုဆိုတယ်။ တစ်တိုင်းပြည်လုံးက ကြိုဆိုတယ်။ ကျွန်တော်တို့ အစုအဖွဲ့ အသီးသီးအတွင်းမှာ ယုံကြည်မှုတွေ ခိုင်မာအောင် ဆက်ပြီးဆောင်ရွက်လို့ရတဲ့ အခင်းအကျင်း ဖြစ်တယ်။ အဲဒီအတွက် အင်မတန် အကျိုးရှိတဲ့ညီလာခံ ဖြစ်တယ်" ဟုပြောသည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍလေးခု အတွက် လုပ်ငန်းကော်မတီက တင်သွင်းသည့် အချက်များအနက် နိုင်ငံရေးကဏ္ဍတွင် ၄ ချက်၊ စီးပွားရေး ကဏ္ဍတွင် ၁ ချက်၊ လူမှုရေးကဏ္ဍတွင် ၇ ချက်နှင့် မြေယာ ကဏ္ဍတွင် ၂ ချက် စုစုပေါင်း အချက် ၁၄ ချက် ညီလာခံသို့ ပြည်ထောင်စု သဘော တူစာချုပ် ဒုတိယအစိတ်အပိုင်း အဖြစ် တင်သွင်းနိုင် မည်ဖြစ်ကြောင်း သိရသည်။
ဦးလှမောင်ရွှေက ညီလာခံသို့ စီပွားရေးကဏ္ဍတွင် ပြည်ထောင်စုသဘောတူ စာချုပ် ဒုတိယအစိတ်အပိုင်း အဖြစ် အချက်တစ်ချက်သာ တင်သွင်းနိုင်ခြင်းနှင့် ပတ်သက်၍ "စီးပွားရေးကဏ္ဍက တက်လာတဲ့ အချက် ၁၁ ချက်ကို UPDJC ကိုတင်တယ်။ အချို့အစုအဖွဲ့တွေက သဘောတူပေမဲ့ အချို့အစုအဖွဲ့က ဒါကို မူဝါဒအဖြစ် ယူဆလို့ မရဘူး ဆိုတာလည်း ရှိပါတယ်။ အားလုံးသဘောတူညီချက်အရ တစ် ချက်ပဲရတယ်။ ဒီအရာက ပျက်မသွားပါဘူး။ နောက်တစ်ကြိမ် ညီလာခံ မတိုင်ခင် လုပ်ငန်းကော်မတီတွေ ထိုင်တဲ့အခါ ပြန်ဆွေးနွေးပါမယ်" ဟု ပြောသည်။
ယင်းနောက် သတင်းမီဒီယာများ သိရှိလိုသည်များကို မေးမြန်းကြပြီး နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ် စိုင်းကျော်ညွန့်က ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည့် ညီလာခံတွင် နိုင်ငံရေးပါတီအစုအဖွဲ့မှ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်ပြောသည့် မိန့်ခွန်းသည် သက်ဆိုင်ရာပါတီ၏ သဘောထားသာ ဖြစ်ကြောင်း ၊ နိုင်ငံရေးပါတီအစုအဖွဲ့၏ သဘောထားမဟုတ်ကြောင်း ပြောကြား၍ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။
ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့သည် NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဇူလိုင် ၁၂ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေထံက သိရသည်။
သတင်း..ရဲခေါင်ညွန့်၊ ဓါတ်ပုံ..ဖိုးထောင်

No comments:

Post a Comment