Friday, May 18, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့တို့အားသီးခြား စီတွေ့ဆုံ






နေပြည်တော် မေ ၁၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်၊ ဗန်ကူးဗားမြို့ အခြေစိုက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Peter Chung အား ယနေ့နံနက် ၁၀ နာရီတွင် လည်းကောင်း၊ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (United States Agency for International Development – USAID) ၏ အုပ်ချုပ်ရေးမှူး Mr. Mark Andrew Green ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နံနက် ၁၁ နာရီတွင် လည်းကောင်း၊ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Laura Londen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မွန်းလွဲ ၂ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ပညာရေး ကဏ္ဍရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာအဆင့်မီ စာသင်ကျောင်းများ လာရောက်ဖွင့်လှစ်မှု၊ ကနေဒါစီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံစဉ် USAID မှ မြန်မာနိုင်ငံအတွင်း လက်ရှိ ဆောင်ရွက်နေသော စားနပ်ရိက္ခာ လုံခြုံရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်များ အပါအဝင် ဖွံ့ဖြိုးတိုး တက်မှု ဆိုင်ရာ အထောက်အကူပြုရေး အစီအစဉ်များနှင့် အနာဂတ် ဦးစားပေး လုပ်ငန်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ မြန်မာ အစိုးရ၏ အသင့်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများ၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်း (၂)ရပ်လုံး သဟဇာတဖြစ်ရေး၊ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးနှင့် အသက် မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးတို့ အတွက် USAID မှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်မည့် အစီအမံများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (United Nations Population Fund- UNFPA) ၏ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံစဉ် ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ အချက်အလက်များ ဆန်းစစ်ခြင်း၊ မိသားစုစီမံကိန်း၊ ဘဝအရည်အသွေး ရှိစေရေးနှင့် မိခင်သေဆုံးမှုနှုန်း လျော့ကျရေးတို့ အပါအဝင် UNFPA နှင့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
တွေ့ဆုံပွဲများသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment