ကလေး မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း
သိမ်းဆည်းခံမြေယာများ မူလတောင်သူ များထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲ သုံးကြိမ်
ကျင်းပနိုင်ခဲ့ပြီး တောင်သူ (၅၂၈) ဦးထံ စိုက်ပျိုးမြေ ဧက (၄၉၃၂) ဧက
လွှဲပြောင်းပေးအပ်နိုင်ခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဒုတိယအများဆုံး
ပြန်လည် လွှဲပြောင်း ပေးအပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ
သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူက ယနေ့ပြောကြားခဲ့သည်။
ဒုတိယသမ္မတ
ဦးဟင်နရီဗန်ထီးယူက ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ
ပြန်လည်စွန့်လွှတ် အပ်နှံသည့် စိုက်ပျိုးမြေများအား မူလတောင်သူများထံသို့
ယာယီလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ-၃) ပေးအပ်ပွဲအခမ်းအနား၌ အမှာစကား
ပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်၊
တိုင်းဒေသကြီး ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ
တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတက
မိမိတို့နိုင်ငံတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက်
နိုင်ငံတော်စီမံကိန်း လုပ်ငန်းများဖြစ်သည့် ရထားလမ်း၊ ကားလမ်း၊ လေယာဉ်ကွင်းများ
တိုးချဲ့တည်ဆောက်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအား
လုပ်ပိုင်ခွင့် မြေနေရာချထားပေးခဲ့ခြင်း၊ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ
တိုးချဲ့ဖွဲ့စည်းခြင်း တို့အတွက် အကြောင်းအမျိုးမျိုး ကြောင့် မြေသိမ်းဆည်းမှုများ
ဆောင်ရွက် ခဲ့ရာ၌ လယ်ယာမြေများ ပါဝင်သွားသည့်အတွက် ပြည်သူများ နစ်နာဆုံးရှုံးမှု
ရှိသည်ကို တွေ့ရှိရပါကြောင်း။
ယခုကဲ့သို့
ဆုံးရှုံးနစ်နာမှုများကို ကုစားနိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်လာသည့်
သိမ်းဆည်းလယ်ယာမြေနှင့် အခြားမြေများကို မူလမြေပိုင်ရှင်များအား ပြန်လည်
လွှဲပြောင်းပေးအပ်နိုင်ရေးနှင့် စပ်လျဉ်းပြီး မူဝါဒများ၊ စိစစ်ရန် အချက်များ၊
လုပ်ငန်းစဉ်များကို ချမှတ်ကာ စိစစ်ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း။
သိမ်းဆည်းမြေဆိုင်ရာ
တိုင်ကြားစာများ၊ ပြန်လည်စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် ပတ်သက်ပြီး စိစစ် ဆောင်ရွက်မှု
ပိုမိုအားကောင်း လာစေရန်နှင့် တွန်းအားပေးဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု
ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ ပါဝင်သော သိမ်းဆည်းမြေဆိုင်ရာ
လုပ်ငန်းစိစစ်ရေးအဖွဲ့(၄)ဖွဲ့ကို ပြည်နယ်/တိုင်းဒေသကြီးများသို့ ကွင်းဆင်းစေပြီး
စိစစ် ဆောင်ရွက်နေကြပြီဖြစ်၍ ပြည်သူများ လိုလားတောင့်တနေကြသည့် မြေသိမ်းဆည်းခံရမှု
ပြဿနာများ ဖြေရှင်း ဆောင်ရွက်ရာ၌ တိုးတက်မှုအထိုက်အလျောက်ရရှိနိုင်မည်
ဖြစ်ပါကြောင်း။
စိုက်ပျိုးထုတ်လုပ်သူများ
ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်စေရန် လက်ကားဈေးကွက်များ Contract
Farming များ ဒေသအလိုက် ပေါ်ပေါက်လာစေရေးအတွက် နိုင်ငံတော်အနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊
ထို့ကြောင့် တောင်သူလယ်သမား ဦးကြီးများအနေဖြင့် မိမိတို့ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရသော
လယ်ယာမြေများကို ဈေးကောင်းပေးသည့် တိုင်အောင် မရောင်းချဘဲ သားစဉ်မြေးမြစ်
လယ်ယာကို ချစ်ခင်ရင်းနှီး လုပ်ကိုင်သွားကြရင်းဖြင့် တောင်သူလယ်သမားကြီးများ၏
လူမှုစီးပွားဘဝ မြှင့်မားလာရန် အခါအခွင့်သင့်သော အချိန်ကောင်းကို ရောက်ရှိ လာမည်
ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု သမိုင်းကိုကြည့်ပါက ကမ္ဘာ့နံပါတ်(၁) ဆန်တင်ပို့သော
နိုင်ငံအဖြစ် ရပ်တည်ခဲ့ရာမှ ခေတ်အဆက်ဆက် တဖြည်းဖြည်းလျော့ကျလာခဲ့ပြီး ယခု ၂၀၁၇ -
၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်းကျော် တင်ပို့နိုင်ခဲ့၍ နှစ်ပေါင်း
၇၃ နှစ်အတွင်း အများဆုံးစံချိန်တင် တင်ပို့နိုင်မှုအဖြစ် ပြန်လည်ရရှိ လာခဲ့ပြီ
ဖြစ်ပါကြောင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာထွက် ကုန်ပစ္စည်း
တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၃၀၈၀ ဒသမ ၅၃ သန်းရှိသည့်အနက် ဆန်တင်ပို့မှုတန်ဖိုး
အမေရိကန်ဒေါ်လာ သန်း ၁၁၄၀ ရှိသည့် အတွက် လယ်ယာထွက်ကုန် ပစ္စည်း တင်ပို့မှု၏ ၃၇
ရာခိုင်နှုန်း ကျော်ရှိ သည်ကို တွေ့ရပါ ကြောင်း။
ဒေသခံတောင်သူများကို
အသိပေးပြောကြားလိုသည်မှာ ယခုကဲ့သို့ စိုက်ပျိုးမှုမရှိသေးသည့် မြေလွတ်၊
မြေရိုင်းများကို လည်း မြေလွတ်၊ မြေရိုင်း စီမံခန့်ခွဲရေးဥပဒေနှင့်အညီ
တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး
လုပ်ငန်းအဖွဲ့ထံသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားဆောင်ရွက်နိုင်ကြပါကြောင်း၊
ယခုကဲ့သို့ လျှောက်ထားပြီး သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တည်ငြိမ်လာသည့် အချိန်တွင်
လယ်ယာမြေ ဥပဒေအရ လယ်ယာမြေအဖြစ် ပြောင်းလဲ သတ်မှတ် လုပ်ပိုင်ခွင့်
ရကြမည်ဖြစ်ပါကြောင်း။
မြေယာပြဿနာများသည်
ရှုပ်ထွေး၊ နက်နဲ၊ ကျယ်ပြန့်သည့်အတွက် မြေများနှင့်ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက် ပေးရသည့်
အဖွဲ့အစည်း အသီးသီးတွင် ရှိကြသည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း စိတ်ရှည်သည်း
ခံဖြေရှင်း၍ စေတနာ ထား ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း။
ယခုကဲ့သို့
ပြန်လည်စွန့်လွှတ်အပ်နှံမြေများကို သက်ဆိုင်ရာတောင်သူ များထံသို့
ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသော ကာကွယ်ရေးဝန်ကြီးဌာန၊
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊
နိုင်ငံတော်ကိုယ်စား၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ
ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊
တောင်သူများအနေဖြင့် ရရှိမြေများကို စိုက်ပျိုး လုပ်ကိုင်ရာ တွင်
မိမိတို့အကျိုးစီးပွား၊ ဒေသအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွား
ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြပါဟု တိုက်တွန်းပြောကြားသည်။
ဆက်လက်၍
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ
ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မြေယာကိစ္စ တိုင်ကြားစာ များအပေါ်
ဖြေရှင်းဆောင်ရွက်မှုနှင့် စွန့်လွှတ်မြေများကို မူလတောင်သူများထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်မှု
အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီး ဦးကံဇာမုံတို့က ကန့်ဘလူခရိုင်နှင့် ဒီပဲယင်းမြို့နယ်၊
ကသာမြို့နယ်၊ တန့်ဆည်မြို့နယ်များမှ တောင်သူများထံ ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်
(ပုံစံ - ၃) များအား တောင်သူ ကိုယ်စားလှယ်များထံ လွှဲပြောင်းပေးအပ်ကြသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီး
ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးစိုးအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန
အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်တို့က ပြန်လည်စွန့်လွှတ်သည့် ကန့်ဘလူ ခရိုင်အတွင်းရှိ
မြေလွတ်မြေရိုင်း ၃၄၇ ဒသမ ၁၁ ဧက၊ မုံရွာခရိုင်အတွင်းရှိ မြေလွတ် မြေရိုင်း ၁၁၈၆
ဒသမ ၁၃ ဧက၊ ကသာခရိုင်အတွင်းရှိ မြေလွတ်မြေရိုင်း ၁၆၉၂ ဒသမ ၄၄ ဧကနှင့်
ရွှေဘိုခရိုင်အတွင်းရှိ မြေလွတ်မြေရိုင်း ၁၉၃၅ ဒသမ ၀၄ ဧက တို့ကို သက်ဆိုင်ရာ
ခရိုင်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက်
မြေယာပြန်လည်လုပ်ပိုင်ခွင့်ရရှိသည့် တောင်သူများကိုယ်စား တောင်သူ ဦးတင်ထွန်းက
ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့အခမ်းအနားတွင်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အတွင်းရှိ အမှတ်(၃၃)
ခြေမြန် တပ်မဌာနချုပ်မှ ဆက်လက်အသုံးပြုရန် မလိုအပ်သဖြင့် ပြန်လည်စွန့်လွှတ်သည့်
မြေဧရိယာဧက ၃၂၉ ဧကကို တောင်သူ ၃၂ ဦး၊ ရွှေဘို ခရိုင် ဒီပဲယင်းမြို့နယ်
အမှတ်(၉၂၉)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ပြန်လည်စွန့်လွှတ် မြေ ဧရိယာ ၇၀ ဒသမ
၀၆ ဧကကို တောင်သူ ၂၆ ဦးနှင့် ကသာခရိုင် ကသာမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်မှ
ပြန်လည်စွန့်လွှတ် သည့် မြေဧရိယာဧက ၁ ဒသမ ၉၈ ဧကကို တောင်သူ(၃)ဦး စုစုပေါင်းမြေ ဧက
၄၀၁ ဒသမ ၀၄ ဧကကို တောင်သူ ၆၁ ဦး သို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်
ပုံစံ(၃)များကို ပြန်လည်ပေးအပ်ခဲ့သည်။
ထို့ပြင်
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အသုံးပြုရန် မရှိသည့် မြေလွတ်၊ မြေရိုင်းများကို
ကန့်ဘလူခရိုင်တွင် ၃၄၇ ဒသမ ၁၁ ဧက၊ မုံရွာခရိုင်တွင် ၁၁၈၆ ဒသမ ၁၃ ဧက၊ ကသာ
ခရိုင်တွင် ၁၆၉၂ ဒသမ ၄၄ ဧကနှင့် ရွှေဘိုခရိုင်တွင် ၁၉၃၅ ဒသမ ၀၄ ဧက စုစုပေါင်း ၅၁၆၀
ဒသမ ၇၂ ဧက ကို နိုင်ငံတော်သို့ ပြန်လည်လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း
သိရသည်။ ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် စစ်ကိုင်း တိုင်းဒေသကြီး
ကန့်ဘလူ မြို့ရှိ ပြည်သူ့ဝန်ဆောင်မှုရုံးသို့ ရောက်ရှိပြီး
လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု၍ ဒေသခံပြည်သူ များအား
တွေ့ဆုံအားပေးသည်။
(သတင်းစဉ်)
No comments:
Post a Comment