နေပြည်တော် မေ ၁၅
ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း
ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို
ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၏
ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန
အမြဲတမ်း အတွင်းဝန် ဦးတင်မြင့် က အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး
အဖြစ်သို့ ရောက်ရှိစေရန် ဟူသည့် မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်
ကိုင်တွယ်ကျင့်သုံးရသည့် ဥပဒေ(၄၉)ခု နှင့် တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထုအခြေပြု
ရဲလုပ်ငန်းစနစ်ကို ကျင့်သုံးကာ သက်ဆိုင်ရာဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး
နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ အာဆီယံရဲအဖွဲ့၊
ဥရောပရဲအဖွဲ့၊ နိုင်ငံအလိုက်ရဲအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း။
အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဆက်ဆံရေးရုံး(BLO)
၁၂ ရုံးကို ဖွင့်လှစ်ဆောင်ရွက် လျက်ရှိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံး
(BLO) အား မြန်မာနိုင်ငံ၊ မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်မြို့တို့၌
ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက်
၁၉၉၉ ခုနှစ်တွင် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် နောက်တိုး ၅ နှစ် စီမံကိန်းများကို ၂၀၁၉
ခုနှစ်အထိ ရေးဆွဲကာ ဘိန်းအပါအ၀င် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
ဘိန်းအစားထိုး သီးနှံစိုက်ပျိုးခြင်းနှင့် သစ်တောစိုက်ပျိုး ထိန်းသိမ်းမှုတို့ကို ဆောင်ရွက်နိုင်ခဲ့ခြင်း
ကြောင့် ၂၀၁၇ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း လျော့ချနိုင်ခဲ့ပါကြောင်း။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့်
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကောက်ခံ လျက်ရှိသော အခွန်လေးမျိုးဖြစ်သည့် မြေခွန်၊ ယစ်မျိုးခွန်၊
တာတမံခွန်၊ ဓာတ်သတ္တုခွန် ကျပ်သန်းပေါင်း ၃၃၉၃၄ ဒသမ ၅၉၁ ကို ကောက်ခံရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈
ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၃၆၅၇၇ ဒသမ ၀၁၇ ကောက်ခံရရှိခဲ့သဖြင့် လျာထားချက်ပြည့်မီ
ကျော်လွန်အောင် ကောက်ခံရရှိခဲ့ပါကြောင်း။
(၂) နှစ်တာ သက်တမ်းကာလအတွင်း ပြည်တွင်းအသင်းအဖွဲ့
အသစ် ၃၆၆ သင်းကို လည်းကောင်း၊ သက်တမ်းတိုးသည့် အသင်းအဖွဲ့ ၈၁ သင်းကိုလည်းကောင်း၊ နိုင်ငံတကာ
အသင်းအဖွဲ့ အသစ် ၃၀၊ သက်တမ်းတိုးအသင်းအဖွဲ့ ၄၂ သင်းကိုလည်းကောင်း မှတ်ပုံ တင်ခွင့်ပြုပေးနိုင်ခဲ့ပါကြောင်း၊
ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)အား နေပြည်တော်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်များမှ မြို့နယ်
၃၁၆ မြို့နယ်တွင် ထူထောင်ဖွင့်လှစ် အကောင်အထည် ဖော်နိုင်ခဲ့ပြီး စုစုပေါင်း ၀န်ဆောင်မှု
၂၉၁၉၅၄၉ ခု ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေဖြင့်
စီးပွားရေးဆိုင်ရာပြစ်မှုများနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၈ ခုနှစ် မတ်
၁၅ ရက် အထိ ၉၅ မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့သည့် အမှုများအနက်မှ ငွေကျပ်သိန်းပေါင်း
၅၃၅၄၄၃၂ ကျော်နှင့် အမေရိကိန်ဒေါ်လာ ၁၈၅၆၆၉၄၅ ခန့်အပေါ် အခွန်စည်းကြပ်ရန် စီမံကိန်းနှင့်
ဘဏ္ဍာရေး ၀န်ကြီးဌာနသို့ အကြောင်းကြား နိုင်ခဲ့ပါကြောင်း။
အကျဉ်းဦးစီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရ၏
ဘတ်ဂျတ်ဖြင့် အကျဉ်းထောင် အသစ်များဆောက်လုပ်ခြင်း၊ လက်ရှိ အကျဉ်းထောင်များအား တိုးချဲ့ဆောက်လုပ်ခြင်းများ
ဆောင်ရွက်လျက်ရှိပြီး အကျဉ်းထောင် စခန်း ၉၄ ခုတွင် ရေသန့်စက်များအား ငွေကျပ်သန်း ၈၅၄
ဒသမ ၆၃ အကုန်ကျခံ၍ တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးငြှိမ်းသတ်ရေးနှင့်
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်လျင်မြန်စွာ ဆောင်ရွက် နိုင်ရန် ပိုလန်နိုင်ငံ
ချေးငွေဖြင့် ခေတ်မီမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်များ ဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း။
မီးသတ်ဦးစီးဌာနအနေဖြင့် ထိရောက်သော မီးဘေးလုံခြုံရေးနှင့်
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်များအား
ဖွဲ့စည်းပုံအရ တပ်ဖွဲ့ဝင်အင်အားတိုးမြှင့်ခန့် ထားခြင်း၊ ခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်စခန်းများ
အသစ်တိုးချဲ့ဖွင့်လှစ်ခြင်း၊ မီးသတ်ယာဉ်၊ စက်နှင့်ပစ္စည်းကိရိယာများ ဖြည့်တင်းခြင်းနှင့်
စခန်းအဆောက်အဦများ တိုးချဲ့ဆောက်လုပ် နိုင်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်၊ သဘာဝဘေး အန္တရာယ်ဖြစ်စဉ်များတွင်
အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးလျက် ရှိပါကြောင်း ရှင်းလင်းသည်။
အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊
မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး
ဟူသည့် ရည်မှန်းချက်တာဝန်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး
ဆောင်ရွက်ရာတွင် ပိုမိုထိရောက် မှုရရှိစေရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး (၁)ရုံး၊
နယ်မြေရဲစခန်း (၈)ခု၊ ရဲကင်းစခန်း (၁၄)ခု တို့အား အသစ်တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ရဲကင်းစခန်း(၅)ခုအား
နယ်မြေ ရဲစခန်းအဆင့်သို့ တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဖြစ်သည့်
ရခိုင်ပြည်နယ် နယ်စပ်ဒေသ လုံခြုံရေးမြှင့် တင်ဆောင်ရွက်ရာတွင် ယခင်က အမှတ်(၁)နယ်ခြားစောင့်
ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးနှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲ (၄)ခုဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိရာမှ
နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (၄)ခု ထပ်မံဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့ခွဲ(၈)ခု၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးရုံး
(၃)ရုံး တိုးချဲ့ဖွင့်လှစ် အင်အားဖြည့်တင်းကာ လုံခြုံရေးဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး(BLO)အား
မြန်မာနိုင်ငံ မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့တို့၌ ဖွင့်လှစ်ရန်ဆောင်ရွက်လျက်
ရှိပြီး နှစ်နိုင်ငံနယ်ခြားစောင့် တပ်များအကြား အလံတင်အစည်းအဝေးများအား ဗဟိုအဆင့်(၂)ကြိမ်၊
ကွပ်ကဲရေးမှူးအဆင့် (၂)ကြိမ်၊ တပ်ရင်းမှူးအဆင့်(၁၂)ကြိမ်၊ တပ်ခွဲမှူးအဆင့်(၁)ကြိမ်
ဆောင်ရွက် ခဲ့ပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ်ရေးအတွက် အပြည် ပြည်ဆိုင်ရာရဲအဖွဲ့၊
အာဆီယံရဲအဖွဲ့၊ ဥရောပရဲအဖွဲ့၊ နိုင်ငံအလိုက် ရဲအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပါကြောင်း။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများရောင်းဝယ်/ ပျံ့နှံ့မှု တားဆီး နှိမ်နင်းရန် တိုင်းဒေသကြီး/ ပြည်နယ်များတွင်
အထူးစစ်ဆင်ရေး (၈)ကြိမ် ဆောင်ရွက်ခဲ့ပြီး အမှုပေါင်း(၁၃၈၈)မှု၊ တရားခံပေါင်း (၁၉၅၇) ဦးတို့အား
မူးယစ်ဆေးဝါး၊ ဆက်စပ် ပစ္စည်းများနှင့် အတူ အရေးယူဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ပြည်သူ့အကျိုးပြု
လုပ်ငန်းများအား သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင်
ပြည်သူများတွေ့ကြုံရ သည့် သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အချိန်နှင့်တစ်ပြေးညီ ပါဝင်ဆောင်ရွက် ခဲ့ပါကြောင်း
ရှင်းလင်းသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက်
ဒုတိယ (၁) နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးကျော်လင်း က ဆောက်လုပ်ရေးဝန်ကြီးဌာန၏ Conceptual Plan 2030 တွင် အမျိုးသားမြို့ပြ
ကွန်ရက် စနစ်၊ အနာဂတ်မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ် (၆) ခု လျာထားပါကြောင်း၊
၎င်းတို့မှာ နယ်စပ် ကုန်သွယ်ရေးစခန်းများ အနေဖြင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ၊
အိန္ဒိယနိုင်ငံ တို့နှင့် ယခုလက်ရှိနှင့် အနာဂတ်တွင်ရှိမည့် နယ်စပ် ကုန်သွယ်ရေးနေရာများ၊
နိုင်ငံတကာ လေဆိပ်များအနေဖြင့်ယခုလက်ရှိ နိုင်ငံတကာလေဆိပ်များအပြင် ၂၀၃၀ ပြည့်နှစ်တွင်
ဖြစ်လာမည့် ကျောက်ဖြူ၊ ထားဝယ်စသည့် နိုင်ငံတကာလေဆိပ်အသစ်များ၊ ကျောက်ဖြူ၊ ငရုတ်ကောင်း၊
မော်လမြိုင်၊ ထားဝယ်စသည့် ရေနက်ဆိပ်ကမ်းများ၊ စစ်တွေ၊ ကျောက်ဖြူ ၊ သီလဝါ၊ မော်လမြိုင်၊
ထားဝယ် ၊ ကော့သောင်း စသည့် ကမ်းရိုးတန်းသွားဆိပ်ကမ်းများ၊ Inland Logistic Hub အနေဖြင့်
Dry Ports တွင် ရန်ကုန် ၊ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ လားရှိုး၊ ထီးချိုင့်၊ စစ်ကိုင်း၊
ဘားအံ စသည်တို့နှင့် SEZ တွင် သီလဝါ ၊ ကျောက်ဖြူ ၊ ထားဝယ် စသည်တို့နှင့် စက်မှုဇုန်(၁၉)
ခုနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မြဝတီ ၊ မြို့သာ ၊ မူဆယ် ၊ ဘားအံ စသည်များ၊
Tourist Attraction Zone အနေဖြင့် အင်းလေး ၊ ပုဂံ ၊ မြောက်ဦး ၊ ရန်ကုန် ၊ မန္တလေး ၊
ငပလီ ၊ ချောင်းသာ ၊ ငွေဆောင်၊ ပြင်ဦးလွင် ၊ ကယားပြည်နယ် ၊ ကချင်ပြည်နယ် ရေခဲတောင်ဒေသ၊
ချင်းပြည်နယ် နတ်မတောင် ၊ ကန်ပက်လက် စသဖြင့် ပါဝင်ထည့်သွင်းရေးဆွဲထားရှိပါကြောင်း။
ထို့ပြင် Arterial Road Network
Master Plan အရ ၂၀၃၅ ခုနှစ်တွင် တောင်မြောက် အမြန်လမ်းမကြီး (၅)လမ်း၊ အရှေ့အနောက် အမြန်လမ်းမကြီး
(၇)လမ်း၊ တောင်မြောက် အဓိကအသက်သွေး ကြောလမ်းမကြီး (၆)လမ်း၊ အရှေ့အနောက် အဓိက အသက်သွေးကြော
လမ်းမကြီး (၁၂)လမ်း ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၂)နှစ်တာကာလအတွင်း
ဆောင်ရွက်ချက်များ အနေဖြင့် အဆောက်အဦဦးစီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က လုပ်ငန်းအပ်နှံသည့်
အဆောက်အဦများကို တည်ဆောက်ခဲ့ပါကြောင်း၊ Construction Industry Development အတွက် လိုအပ်သည့်
Construction Manual များ ရေးဆွဲထုတ်ပြန်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် Myanmar
National Building Code ကို မြန်မာဘာသာပြန်ဆို၍ တစ်နိုင်ငံလုံးဖြန့်ဝေ သွားမည်ဖြစ်ပါကြောင်း၊
ဧပြီ(၁)ရက်မှ စတင်ကာ အဆောက်အဦဦးစီးဌာနအနေဖြင့် အဆောက်အဦများကို ကိုယ်တိုင်မဆောက်လုပ်ဘဲ
Regulatory Body အနေဖြင့်သာ ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ Regulation များနှင့်
Standard and Specification များကိုသာ ရေးဆွဲလျက်ရှိပါကြောင်း။
လမ်းဦးစီးဌာနအနေဖြင့် (၂)နှစ်တာကာလအတွင်း
နောင်မွန်းမှ ပူတာအိုအထိ ကားလမ်းဖောက်လုပ်ပြီးစီးကာ ပန်းနန်းဒင်အထိ ကားလမ်းဖောက်လုပ်ပေးခဲ့သည့်
အတွက် နေ့ချင်းပြန် သွားလာနိုင်ပြီဖြစ်ပါကြောင်း၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်းမိုင်
(၂၂၀)ခန့်ကို နေ့ချင်းပေါက်သွားနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မြစ်ကြီးနားမှ
ပူတာအို အထိ ကားငယ်များအနေဖြင့် နေ့ချင်းပေါက်သွားလာနိုင်ပြီး ကားကြီးများမှာ ဆွမ်ပရာဘွမ်တွင်
(၁) ညအိပ်၍ သွားလာနိုင်ပြီဖြစ်ပါကြောင်း။
ကယားပြည်နယ် လမ်းဦးစီးဌာနပိုင် လမ်းများကို
(၉၅) ရာခိုင်နှုန်း ကတ္တရာလမ်း အဖြစ် အဆင့်မြှင့်တင် ပေးနိုင်ခဲ့ပါကြောင်း၊ ကရင်ပြည်နယ်တွင်
ကော့ကရိတ် - မြဝတီလမ်းကို AC လမ်းအဖြစ် အဆင့်မြှင့်တင်ပြီး ADB ၏ အကူအညီဖြင့် အိန္ဒု
- ကော့ကရိတ်လမ်းကို အဆင့်မြှင့်တင်လျက် ရှိပါကြောင်း၊ ထို့ပြင် ချင်းပြည်နယ် မြောက်ဘက်အစွန်ဖြစ်သည့်
ကျီးခါး မှတစ်ဆင့် တောင်ဘက် ပလက်ဝအထိ တောင်မြောက်လမ်းကြီးအား (၅)နှစ်အတွင်း ဖောက်လုပ်ရန်
ရည်မှန်းချက်ထားပြီး စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျီးခါးနှင့် တွန်းဇံ၊ တွန်းဇံနှင့်
တီးတိန်ကြားတွင် လိုအပ်သော လမ်း ၊ တံတားများ အဆင့်မြှင့်တင်ဆောင်ရွက် ခဲ့ပါကြောင်း။
မတူပီ - ပလက်ဝလမ်းပိုင်းကိုလည်း (၂)နှစ်တာအတွင်း
မြေသားလမ်းအဆင့်ပေါက် အောင် ဖောက်လုပ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ
JICA ဖွံ့ဖြိုးရေးအေဂျင်စီ အကူအညီဖြင့် ဟားခါး - ဂန့်ဂေါ လမ်းအပိုင်း မိုင်(၈၀)ကိုလည်း
အဆင့်မြှင့်တင် လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် ဆက်သွယ်မည့် ဆာဆီချောက်-ထန်တလန်
လမ်းမကြီးကို ပြီးခဲ့သည့် (၂)နှစ်တာကာလအတွင်း ဖောက်လုပ်နိုင်ခဲ့ပြီး လာမည့် (၃)နှစ်တာ
ကာလအတွင်း အဆင့်မြှင့်တင်သွားမည်ဖြစ်ပါကြောင်း။
စစ်တွေ-ပုဏ္ဏားကျွန်း - ရသေ့တောင်- ဘူးသီးတောင်-
မောင်တောအထိ (၉၄)မိုင်ခန့် ရှိသည့် လမ်းမကြီးပေါ်ရှိ ရသေ့တောင်တံတား အပါအဝင် တံတား(၅)စင်းကို
ယခုနှစ် မတ်(၃၁)ရက်က ဖွင့်လှစ်ခဲ့သည့်အတွက် စစ်တွေမှ မောင်တော အထိ (၄)နာရီခရီးဖြင့်
သွားရောက်နိုင်ပြီ ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ရသေ့တောင် - ဘူးသီး တောင်လမ်းအပိုင်း
မြေသားလမ်းကို ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် သွားမည်ဖြစ်ပါ ကြောင်း။
မင်းဘူး - အမ်း - စစ်တွေလမ်းပိုင်းကို
(၂)နှစ်တာကာလအတွင်း တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခုဆိုလျှင် (၁၁)နာရီခရီးဖြင့်
မင်းဘူးမှ စစ်တွေအထိ သက်သောင့်သက်သာသွားလာနိုင်ပြီဖြစ်ပါကြောင်း၊ ထို့ပြင် ရန်ကုန်မှ
သံတွဲ-ငပလီကို မောင်းချိန် (၉)နာရီဖြင့် သွားလာနိုင်ရန် (၂)နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ပြီး
လာမည့် (၃)နှစ်အတွင်း ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်ပါက ရန်ကုန်မှ သံတွဲအထိ မောင်းချိန်
(၇)နာရီဖြင့် သွားလာနိုင်မည်ဖြစ်ပါကြောင်း။
အလားတူ (၂)နှစ်တာကာလအတွင်း ရှမ်းပြည်နယ်
(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဆက်သွယ်သော လမ်းများကို ၁၈ ပေကျယ် ကတ္တရာလမ်းများအဖြစ်
ဖောက်လုပ် ပေးနိုင်ခဲ့ပါကြောင်း၊ ဧပြီ ၁ ရက်တွင် မြောင်းမြကြိုး တံတား ကျိုးကျပြီးနောက်
တစ်နိုင်ငံလုံးရှိ တည်ဆောက်ပြီး ကြိုးတံတား(၂၉)စင်း၏ တံတားကြံ့ခိုင်မှု အခြေအနေများကို
တိုင်းတာ စစ်ဆေးနိုင်ရန် တရုတ်နိုင်ငံ၊ China Highway Construction Association ၊ ဂျပန်နိုင်ငံ
JICA နှင့် ကိုရီးယားနိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဆေးဆောင်ရွက်လျက်
ရှိပါကြောင်း။
မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အနေဖြင့် တစ်နိုင်ငံလုံးရှိ မြို့ပေါင်း (၃၃) မြို့ကို Urban Planning အပြီးသတ်ရေးဆွဲ
ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အိမ်ရာကဏ္ဍအနေဖြင့် ၂၀၃၀ ခုနှစ်ထိ အိမ်ရာ(၁)သန်း ဆောက်လုပ်ရန်ရှိပြီး
(၂) နှစ်တာ ကာလအတွင်း စုစုပေါင်း အိမ်ရာ (၁၀၉၂၄)ခန်း ဆောင်ရွက်ခဲ့ကာ အခန်းပေါင်း(၅၇၄၈)ခန်းမှာ
(၁၀၀) ရာခိုင်နှုန်းနှင့် အခန်းပေါင်း (၅၁၇၆)ခန်းကျော်မှာ (၇၀) ရာခိုင်နှုန်းပြီးစီး
နေပြီဖြစ်ပါကြောင်း၊ လာမည့် (၃)နှစ်တာကာလအတွင်း အခန်းပေါင်း (၈၀၀၀)ကျော် ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊
PPP စနစ်ဖြင့် ဌာနမှအခန်းပေါင်း (၄၀၀၀)ကျော်၊ ကုမ္ပဏီများဘက်မှ အခန်းပေါင်း (၆၀၀၀) ကျော်
စုစုပေါင်းအခန်းပေါင်း (၁၀၀၀၀) ကျော် ဆောင်ရွက်ရန်ရှိပါကြောင်း။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့်
၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာ အားလုံး၏(၈၀) ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ
ကျေးလက်လူဦးရေ၏ (၉၀) ရာခိုင်နှုန်းတို့သည် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ
အသုံးပြုနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ လူဦးရေ(၁၀၀၀)နှင့် အထက်ကျေးရွာများအားလုံးကို
၂၀၂၀ ခုနှစ် တွင် လည်းကောင်း၊ လူဦးရေ (၅၀၀)နှင့် အထက်ရှိကျေးရွာအားလုံး၏ (၉၅) ရာခိုင်နှုန်းကို
၂၀၂၅ ခုနှစ်တွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာများတွင် လူဦးရေ
(၂၅၀) နှင့်အထက်ရှိ ကျေးရွာများအားလုံး၏ (၇၅) ရာခိုင်နှုန်းနှင့် လူဦးရေ (၂၅၀)အောက်ရှိ
ကျေးရွာ (၅၀) ရာခိုင်နှုန်းကို ၂၀၃၀ ခုနှစ်တွင် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းအဖြစ်
ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လူဦးရေ မည်သို့ပင်
ရှိစေကာမူ တူညီသည့် အခွင့်အရေး ရရှိရန်လူဦးရေ နည်းသည့် ပြည်နယ်များကို ခြွင်းချက် အနေဖြင့်
သီးခြားစဉ်းစားပေးရန် ရည်မှန်းထားရှိပါကြောင်း။
ဂျာမနီနိုင်ငံ KfW အထောက်အပံ့ဖြင့် ရှမ်းပြည်နယ်အတွင်း
လမ်း(၉)လမ်းကို အဆင့်မြှင့်တင် ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ကျေးလက်လမ်း (၁၈)လမ်းကို
Pilot Project ဖြင့် ဖောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊ (၂)နှစ်တာ ကာလအတွင်း တိုင်းဒေသကြီး
(၇)ခုတွင် တံတားကြီးပေါင်း(၂၈)စင်း၊ ပြည်ထောင်စုလမ်းမကြီး (၁၄၄)လမ်းတွင် ကွန်ကရစ်လမ်း
(၄၀၅)မိုင်၊ ကတ္တရာလမ်း (၁၀၁၂)မိုင်၊ နိုင်လွန်ကတ္တရာ(၅၄၄)မိုင်ကို အဆင့်မြှင့်တင်ဆောင်
ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်
စပ်လျဉ်း၍ အဆိုပါဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးလှထွန်းက လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းဦးစီးဌာနအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြု
လက်မှတ်များကို တောင်သူပေါင်း ၅၉၃၀၀၀၀ ကျော်ပိုင်သည့် ဦးပိုင်ပေါင်း ၉၆၉၀၀၀၀ ကျော်တွင်
ဧကပေါင်း ၂၄၈၆၀၀၀၀ ကျော်ကို လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များထုတ်ပေးဆောင်ရွက်ပြီး
ဖြစ်ပါကြောင်း၊ လျာထားချက်အပေါ် ၉၁ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇
ခုနှစ်မှာ နွေစပါး၊ မိုးစပါး စိုက်ဧက သန်းပေါင်း ၁၇ ဒသမ ၆၉၅ စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊
အထွက်တင်းပေါင်း ၁၃၂၇ ဒသမ ၂၃ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး ဆန်မက်ထရစ်တန် ၁ ဒသမ ၇၄၇ သန်း
ပြည်ပကို တင်ပို့နိုင်ခဲ့ ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ
နွေစပါး၊ မိုးစပါးစိုက်ဧက သန်းပေါင်း ၁၇ ဒသမ ၂၈၂ စိုက်ပျိုးနိုင်ခဲ့ပြီး အထွက် တင်းပေါင်း
၁၁၀၅ ဒသမ ၃၅၆ သန်း ထုတ်လုပ် ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း
၂၀၁၈ ခုနှစ် မတ်လအထိ ပြည်ပကို ဆန်တင်ပို့နိုင်မှုအနေဖြင့် ဆန်မက်ထရစ်တန် ၃ ဒသမ ၅၁၈ သန်း
တင်ပို့နိုင်ခဲ့ ပါကြောင်း၊ ရလဒ်အနေဖြင့် ၂၀၁၆-၂၀၁၇ခုနှစ်ထက် ပြည်ပကို ဆန်တင်ပို့မှုနှစ်ဆခန့်
တိုးမြှင့်တင်ပို့နိုင်ခဲ့ပါကြောင်း။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တာဝန်ပေးချက်အရ
ဆန်စပါးအသင်းချုပ်၏ ထိန်းချုပ်မှုနှင့် တောင်သူလယ်သမားများ၏ ဆန်စပါးအတွက် အခြေခံဈေးနှုန်းကို
ညှိနှိုင်း သတ်မှတ်ပေးနိုင်ခဲ့ပါကြောင်း၊ စပါးတင်းတစ်ရာကို ငွေကျပ် ငါးသိန်း သတ်မှတ်ပေးခဲ့ပါ
ကြောင်း။
မိုးစပါး ၆၉၇၀၂ ဧက စိုက်ပျိုးထုတ်လုပ်ရန်
ရည်မှန်းထားပြီး ၆၉၇၃၄ ဧက တိုး၍ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက်
သီးနှံမျိုးစေ့ဖြန့်ဖြူး လျက်ရှိရာ စပါးသီးနှံအနေဖြင့် ၂၂၇၉၅၅၉ တင်း ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။
စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် ပုဂ္ဂလိကလယ်ယာဝန်ဆောင်မှု
လုပ်ဆောင်နေသည့် လူဦးရေ ၁၈၉၆ ဦးကို ပေါင်းစပ်ပြီး အသင်း ၉၆ သင်းကို ဖွဲ့စည်းပေးနိုင်ခဲ့ပါကြောင်း၊
၎င်းတို့ပိုင်ဆိုင်သည့် ထွန်စက်ကြီး ၁၄၃၇ စီး နှင့် ရိတ်သိမ်းခြွေလှေ့ စက် ၂၃၃ စီးတို့ဖြင့်
လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း၊
တစ်ပိုင်တစ်နိုင်သုံးစွဲနိုင်သည့် တောင်သူများထံ ထွန်းစက်များရောင်းချပေးသည့် အစီအစဉ်ကို
ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်တွန်းထွန်စက် ၁၅၃၀၆ စီးနှင့် ထွန်စက်ကြီး ၃၆၃ စီး ရောင်းချပေးနိုင်ခဲ့ပါကြောင်း။
ထို့ပြင် ငွေကျပ်သိန်း ၃၀၀ တန် လယ်ယာသုံးစက်ပစ္စည်းတစ်ခုအတွက်
လယ်သမားက ငွေကျပ်သိန်း ၃၀ သွင်းရုံဖြင့် လက်ဝယ်ရယူနိုင်သည့် စနစ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊
ထိုသို့ ဆောင်ရွက်ခဲ့သည့်အတွက် တောင်သူလယ်သမားများထံ ထွန်စက်ကြီး ၁၃၈၅ စီးနှင့် ခြွှေလှေ့စက်
၅၉ စီးကို ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
တောင်သူပိုင်စက်များ ပြင်ဆင်ပေးခြင်းနှင့်
စက်အရံပစ္စည်း အလွယ်တကူရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းအနေဖြင့် စက်မှုလယ်ယာစခန်း
၄၅ ခုတွင် ပြင်ဆင်ရေး ကိရိယာများကိုတပ်ဆင်ပြီး တောင်သူပိုင်စက်များကို ပြင်ဆင်ပေးလျက်ရှိပါကြောင်း၊
တောင်သူလယ်သမားများအတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းရေးနှင့် ပြင်ဆင်ရေးသင်တန်းများကို
ဖွင့်လှစ်ပေးခဲ့ပါကြောင်း။
စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့်
စပါးသီးနှံနှင့်ပတ်သက်၍ မျိုးသစ် ၂၅ မျိုးကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင်
အပင်ဇီဝနည်းပညာ သုတေသနလုပ်ငန်းဆောင်ရွက်မှု အဖြစ် အပင်တစ်သျှူး မွေးမြူထုတ်လုပ်ခြင်းနှင့်
မျိုးထွန်းနည်းပညာကို အသုံးပြုကာ အချိန်တို အတွင်း မူရင်းအပင်နှင့်ပုံစံတူ အပင်ပွားများမွေးမြူခြင်းကို
ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့်
အမျိုးသားအဆင့် တိရိစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်ပေါင်း ၃၃၀
ရှိသည့် အနက်မှ ၂၇၅ မြို့နယ်တွင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကောက်ယူရရှိခဲ့သည့် တိရိစ္ဆာန်ကောင်ရေ
စာရင်း စာရင်းသွင်းခြင်း လုပ်ငန်းကို အတိအကျဆောင်ရွက်လျက်ရှိပါကြောင်း။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်းစခန်း
၂၇ ခုက ငါးသားပေါက် ကောင်ရေ သိန်းပေါင်း ၁၂၅၉၁ အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊
ငါးသားပေါက်ကောင်ရေ သိန်းပေါင်း ၈၀ ဒသမ ၈၇၉ သိန်းကို ပေးအပ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတကာအဆင့်မီသည့်
ရေချို ငါးမွေးမြူရေးသုတေသနနှင့် တိုးချဲ့ပညာပေးရေး ဗဟိုဌာနကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
၂၀၁၇-၂၁၀၈ ဘဏ္ဍာနှစ်တွင် ၂၀၁၈ ခုနှစ် မတ်လကုန်အထိ
နိုင်ငံပေါင်း (၄၀)ကျော်သို့ ငါးတန်ချိန် ၅၆၈၂၂၇ ဒသမ ၃၂၇ မက်ထရစ်တန်၊ အမေရိကန်ဒေါ်လာသန်းပေါင်း
၇၁၁ ဒသမ ၇၁၇ တင်ပို့နိုင်ခဲ့ပါကြောင်း၊ မွေးမြူရေး ငါး/ပုစွန် များကို EU နိုင်ငံများသို့
တင်ပို့နိုင်ရန် National Residue Monitoring Plan ကို အကောင်အထည်ဖော်ဆောင်ရွက် နေပါကြောင်း၊
ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီး ဖွင့်လှစ်ရန်အတွက် ငါးလုပ်ငန်းဆိုင်ရာ ပညာရှင်များနှင့်
ဆွေးနွေးခဲ့ပါကြောင်း။ ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု မပေါ်ပေါက်ခင် ရန်ကုန်တက္ကသိုလ်တွင်
ဘာသာရပ်တစ်ခုအနေဖြင့် ငါးပညာရပ်တစ်ခုကို စတင်သင်ကြား ပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခုလာမည့် ပညာသင်နှစ်တွင် ငါးနှင့်ပတ်သက်သည့် ဘာသာရပ်များကို မေဂျာတစ်ခု အနေဖြင့် သင်ကြားနိုင်တော့မည်
ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် မေ ၁၆ရက်မှ သြဂုတ် ၁၅ ရက်အထိကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်
ထားပါကြောင်း၊ ငါးဖမ်းကွက်အားလုံးကို ငါးမဖမ်းရဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်
ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေရရှိရေးလုပ်ငန်း ပေါင်း ၅၇၉၅
ခုကို ကျေးရွာပေါင်း ၄၂၃၉ ရွာတွင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျေးလက် မီးလင်းရေးအတွက်
ကျေးရွာပေါင်း ၄၀၇၂ ရွာတွင် မီးလင်းရေးလုပ်ငန်းပေါင်း ၂၂၉၄၅၇ ခု ဆောင်ရွက်ခဲ့ပါကြောင်း၊
လူထုဗဟိုပြုစီမံကိန်းကို မြို့နယ် ၄၇ မြို့နယ်တွင် ဆောင်ရွက် လျက်ရှိပြီး လူဦးရေ ၇
ဒသမ ၁ သန်းကို အကျိုးပြုစေခဲ့ပါကြောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း
၉၈၉၅ ရွာ၌ ဆောင်ရွက်ခဲ့ပြီး ကျေးရွာ ၈၉၆၃ ရွာအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းစီမံကိန်းကို
ရေးဆွဲ၍ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀) ထောက်ပံ့ပေးခဲ့ပါကြောင်း၊ အသက်မွေး
ဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ စုစုပေါင်း သင်တန်းကြိမ်ရေ ၁၄၉၀ ဖွင့်လှစ်ပြီး
ကျေးလက်ပြည်သူ ၃၉၆၈၉ ဦးကို ပို့ချပေးနိုင်ခဲ့ပါ ကြောင်း။
သမ၀ါယမ ဦးစီးဌာနအနေဖြင့် သမ၀ါယမ ဖွဲ့စည်းပေးမှုအနေဖြင့်
အသင်းသစ် ၅၉၄ သင်း တိုးချဲ့ ဖွဲ့စည်းပေးနိုင်ခဲ့ပါကြောင်း၊ မြို့နယ်ပေါင်း ၂၉၁ မြို့နယ်ရှိ
အသင်းသား ၂ ဒသမ ၅ သန်းကျော်ကို ဘီလီယံပေါင်း ၅၈၆ ဒသမ ၅၄၂ ထုတ်ချေးဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊
သမ၀ါယမအသင်းသား တောင်သူ ၇၃၇၈ ဦးကို စက်ပစ္စည်း စီးရေစုစုပေါင်း ၇၈၅၁ စီး ငွေကျပ်အနေဖြင့်
ဘီလီယံပေါင်း ၅၇ ဒသမ ၉၅၉ ကို ပံ့ပိုးဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းသည်။
ထို့နောက် ပြည်သူ့အတွက် ဒုတိယ ၁ နှစ်တာကာလအတွင်း
ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာဌာနအလိုက်
ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ဟန်မင်းကျော်(သတင်းစဉ်)
No comments:
Post a Comment