Saturday, March 3, 2018

စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း (၂၄) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ၏ သီးသန့်အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်


နေပြည်တော် မတ် ၃
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၃ ရက်အထိ စင်ကာပူနိုင်ငံ Shangri La Hotel တွင် ကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်သည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးဘက်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများ စုစုပေါင်းကိုယ်စားလှယ် (၁၀၀) ဦးခန့် ပါဝင်တက်ရောက်ကြပြီး ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူနိုင်ငံ၏ အာဆီယံ စီးပွားရေး ဝန်ကြီး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Lim Hng Kiang က အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။
ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၇ နာရီတွင် Dutch Pavilion ခန်းမ၌ ကျင်းပသည့် အလုပ်သဘော ညစာစားပွဲတွင် အာဆီယံစီးပွားရေး ဝန်ကြီးများမှ ၂၀၁၈ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအတည်ပြုခြင်း၊ (၃၃) ကြိမ်မြောက် အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးမှ စီးပွားရေး ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာအပေါ် လမ်းညွှန်မှုပေးခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တင်ပြသည့် အေအီးစီ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုအခြေအနေကို မှတ်တမ်းတင်ခြင်းများ ပြုလုပ်ကြသည်။
 (၂၄) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ၏ သီးသန့်အစည်းအဝေးကို Tower Ballroom ၌ ကျင်းပရာ အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု၊ အာဆီယံ ဝန်ဆောင်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ်၏ ဒဿမအသုတ်အတွက် ဝန်ဆောင်မှုကဏ္ဍများ ဖြေလျှော့မှု အခြေအနေ၊ အာဆီယံ ဝန်ဆောင်မှုကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုရေးဆွေးနွေး ညှိနှိုင်းမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအား ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးသည် မတ် ၂ ရက်တွင် Tower Ballroom တွင် ကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အီးယူကုန်သွယ်မှု ကော်မရှင်နာ အစည်းအဝေးတွင် အာဆီယံ-အီးယူ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအစီအစဉ် (၂၀၁၇-၂၀၁၈) ၏ အကောင်အထည်ဖော်မှု အခြေအနေများ၊ အာဆီယံ - အီးယူ လွတ်လပ်သော ကုန်သွယ်မှု ဒေသထူထောင်နိုင်ရေးအတွက် မူဘောင် ရေးဆွဲနေမှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မတ် ၃ ရက်တွင် Island Ballromm တွင် ကျင်းပသည့် အာဆီယံနှင့် လွတ်လပ်သော ကုန်သွယ်ဖက်နိုင်ငံများ ပါဝင်ညှိနှိုင်းလျက်ရှိသည့် (၄) ကြိမ်မြောက် အာဆီယံဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့်ကြားဖြတ် ညှိနှိုင်း အစည်းအဝေးတွင် (၂၁) ကြိမ်မြောက် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီ အစည်းအဝေးမှ ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment