Tuesday, February 27, 2018

(၁၄)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ -(UPDJC) အစည်းအဝေး ကျင်းပ


 နေပြည်တော် ဖေဖော်ဝါရီ ၂၇
(၁၄)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ- (UPDJC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက “ပြည်တွင်းလက် နက်ကိုင် ပဋိပက္ခအဆုံးသတ်နိုင်ဖို့အတွက် နိုင်ငံရေး အရတွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရာမှာ  UPDJCက ဦးဆောင်နေတာဖြစ်ပါတယ်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးဟာ နိုင်ငံရေး သဘောတူညီ မှုတွေရရှိတဲ့အပေါ်မှာ မူတည်နေပါတယ်၊ နိုင်ငံ ရေးဆွေးနွေးပွဲတွေ အောင်မြင်မှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ် နိုင်မှာ ဖြစ်တဲ့အတွက် UPDJC ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက်  အလွန်အရေး ပါတဲ့ အခန်း ကဏ္ဍမှာ ပါရှိပါတယ်။
UPDJC မှာ ကျွန်တော်တို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှီလာနန်တောင် ကွယ်လွန်သွားခဲ့တဲ့အတွက် အထူး စိတ်မကောင်းဖြစ်ရသလို မိသားစုနဲ့အတူ ၀မ်းနည်း ကြေကွဲရပါကြောင်း ပြောကြားလိုပါ တယ်။
အားလုံးသိကြတဲ့အတိုင်း ဖေဖော်ဝါရီ (၁၃) ရက်က နေပြည်တော်မှာ တစ်နိုင်ငံ လုံး ပစ်ခတ် တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်း အရုံးတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပါဝင်လက် မှတ်ရေးထိုးတဲ့ အဖွဲ့နှစ်ဖွဲ့ကို လှိုက်လှိုက် လှဲလှဲဝမ်းသာဂုဏ်ယူစွာနဲ့ ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။
တစ်ဆက်တည်းမှာပဲ NCAစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုလည်း လက်မှတ်ရေးထိုးနိုင်ဖို့ ငြိမ်းချမ်း  ရေးတံခါး အမြဲဖွင့် လှစ်ထားကြောင်း ဒီနေရာကနေပြောကြား လိုပါတယ်၊ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ ပါဝင်လာ ဖို့အတွက် UPDJCအဖွဲ့ဝင်များက တစ်ဖက်တစ်လမ်းမှ အတတ်နိုင်ဆုံး ကူညီပံ့ပိုး ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။
ပြီးခဲ့တဲ့ (၁၂) ကြိမ်မြောက် UPDJC အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံတတိယ အစည်းအဝေး ကျင်းပနိုင်ဖို့အတွက် ညီလာခံမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေကို သဘောတူသတ်မှတ်ပေးနိုင်ခဲ့ပါတယ်။ ၁၃ ကြိမ်မြောက် UPDJC အစည်းအဝေးမှာလည်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်၊ UPDJC ToR ၊ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ToR SOP တွေကို ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီမူဘောင် ToR SOP တွေကို ၆ကြိမ်မြောက် JICM အစည်းအဝေးမှာ ဆက်လက်တင်ပြပြီး ဆွေးနွေးရန်ကျန်ရှိတဲ့ အချက်တွေမှအပ အတည်ပြု ထားပြီးလည်းဖြစ်ပါတယ်၊ ဒီမူဘောင်၊ ToR SOP တွေနဲ့ အညီ အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ကြလိမ့် မယ်လို့မျှော်လင့်ပါတယ်။
နောက်ထပ်လာမယ့် ၂၁ ရာစုပင်လုံ ညီလာခံအစည်းအဝေး  တတိယအကြိမ်မှာ ဖက်ဒ ရယ်မူတွေ ချမှတ်နိုင်အောင်၊ ဖက်ဒရယ် အုတ်မြစ်ကို ခိုင်ခိုင်မာမာစိုက်ထူနိုင် အောင် ကြိုးပမ်း ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ NMSPနဲ့LDUတို့ NCAမှာ ပါဝင်လက် မှတ်ထိုးတဲ့ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြားခဲ့တာကို ကျွန်တော်အနေနဲ့ ဒီနေရာမှာ ထပ်လောင်းပြောကြား လိုပါတယ်။
UPDJC အဖွဲ့ဝင်များအနေနဲ့ ယုံယုံကြည်ကြည်နဲ့ လက်တွဲပူးပေါင်းပေးကြဖို့နဲ့ အချင်းချင်း နားလည်မှု တည်ဆောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ  တစ်ဖက်နဲ့ တစ်ဖက် အပေးအယူ၊ အလျော့အတင်း ပြုလုပ်ပြီး နိုင်ငံရေးသဘောတူညီချက်တွေ ရရှိစေမဲ့ နိုင်ငံရေး အခင်းအကျင်းကို ဖန်တီပေးကြဖို့၊ ၀ိုင်းဝန်း ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ် ဟုပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက “ဒီနေ့အစည်းအဝေးမှာ မွန်ပြည် သစ်ပါတီနဲ့ RCSS/ SSA  တို့ရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနဲ့ ပတ်သက်ပြီး လည်း ဆွေးနွေးကြဖို့ရှိပါတယ်။ RCSS/ SSA ဆိုရင် ၆ ကြိမ်မြောက် JICM အစည်း အဝေးမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြားကနေ စေ့စပ်ညှိနှိုင်း ပေးမှု ကြောင့် လင်းခေးမှာ ကျင်းပဖို့ သဘော တူနိုင်ခဲ့ပါတယ်။ သို့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်း အဝေးကို မူလကသဘောတူဆုံးဖြတ်ထားခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ လ နောက်ဆုံးအပတ်မှာ ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ဒီကနေ့အထိ ဆက်လက် ဆွေးနွေး ညှိနှိုင်းနေရဆဲပဲ ဖြစ်ပါတယ်။
ညီလာခံကျင်းပနိုင်ခြင်းမရှိဘဲ ရပ်တန့်နေမှုဟာ နိုင်ငံရေးဆွေးနွေးပွဲတွေကို အဓိက တာဝန်ယူတဲ့ ကျွန်တော်တို့ UPDJC နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။  ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင်ဖြစ်နေရတဲ့ အနေအထားကြောင့် နိုင်ငံရေးဆွေးနွေးပွဲ တွေ ကြံ့ကြာနေအုံးမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့တိုင်းရင်းသားပြည်သူ တွေရဲ့ မျှော်လင့်ချက်တွေဟာ မှေးမှိန်နေ အုံးမှာ ပဲဖြစ်ပါတယ်။
ကျွန်တော်တို့ကြားမှာ ဆွေးနွေးမှုတွေရပ်ဆိုင်းသွားတာနဲ့အမျှ နားလည်မှုနဲ့ ယုံကြည်မှုတွေ လျော့ပါးသွားစေမယ့် အဖြစ်မျိုးတွေ မဖြစ်ပွားစေဖို့ လည်း အားလုံးက သတိပြုကြဖို့လိုပါတယ်။
သဘောထားတွေ အမြင်တွေ ဘယ်လိုပဲကွဲပြား ကွဲပြား ကျွန်တော်တို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အဆက်မပြတ်ဖို့၊  မကြာခဏ ဆိုသလိုတွေ့ဆုံဆွေးနွေးနေကြဖို့ အထူးပဲ အရေးကြီးလှပါတယ်၊ တွေ့ဆုံ ဆွေးနွေး ရေးလမ်းကြောင်းပျောက်မသွားအောင်၊  နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တွေ့ကြုံနေရမှုတွေကို ဖြေရှင်းနိုင်အောင် ကျွန်တော် တို့အားလုံး အလျှော့အတင်းတွေ၊ အပေးအယူတွေလုပ်ကြဖို့လိုပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားခဲ့တဲ့အတိုင်း ပျော့ပျောင်းခြင်းဟာ ပျောညံ့ခြင်း မဟုတ် ပါဘူး၊ ညှိနှိုင်းခြင်းဟာ အရှုံးပေး တာမဟုတ်ပါဘူး။ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရမှာကို စိုးရွံ့မနေကြဖို့ အရေးကြီးပါတယ်။ အမျိုးသားညီညွတ်ရေးကို ဦးတည်လျှောက် လှမ်းကြရာမှာ ကျွန်တော်တို့ အချင်းချင်းအကြား သွေးကွဲ၊ သဘောထား ကွဲလွဲစေမယ့် ကိစ္စရပ်တွေကို လျော့ချသွားစေဖို့ အားလုံး ပိုမိုစုစည်း၊ ပိုမို ညီညွတ်စေမယ့် ဘုံတူညီချက်တွေကို ဖော်ထုတ်ကြရမှာ ဖြစ်ကြောင်းအလေးအနက် ထားပြီးပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ UPDJC အဖွဲ့ဝင်များအနေနဲ့ နိုင်ငံရေး ဆွေးနွေးမှု စားပွဲဝိုင်းတွေ က တစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲ တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ အတူ တကွ ပူးပေါင်းဆောင်ရွက် ဖော်ဆောင်ပေးနိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ် အပ်ပါတယ် ဟုပြောကြားသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ- UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက် တစ်အစည်းအရုံးတို့ တစ်နိုင်ငံ လုံး ပစ်ခတ် တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှု အဆင့်ဆင့်တွင်ပါဝင်ကာ မိမိတို့တိုင်းပြည်၏ နှစ်ပေါင်း၇၀ နီးပါးကြာမြင့်ဖြစ်သည့် ပြည်တွင်း စစ်ကြီး ချုပ်ငြိမ်းစေပြီး ရေရှည်တည်တံ့ခိုင်မြဲသည့်  ငြိမ်းချမ်းရေးကို တည်ဆောက် လာသည့်အတွက် များစွာဝမ်းသာဂုဏ်ယူပါကြောင်း၊ လက်မှတ်မထိုးသေးသည့် လက်နက်ကိုင် တိုင်းရင်းသား ညီနောင်များ ကလည်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် အမြန်ဆုံး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေး မှုများ တွင်  ပါဝင်ပြီး တိုင်းပြည်၏ ငြိမ်းချမ်း သာယာဝပြောမှုနှင့် ငြိမ်းချမ်းရေးအတွက် ပါဝင် လက်တွဲ ကြပါစေလိုကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ- UPDJC သည် တိုင်းပြည်၏ ငြိမ်းချမ်းရေးဖော်ဆောင် ရာတွင် အရေးကြီး သည့် ကော်မတီဖြစ်ပြီး ကော်မတီအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့အဖွဲ့ အစည်းတစ်ခု၊ လူမျိုးတစ်ခုချင်းအတွက်၊ အစုအဖွဲ့တစ်ခုချင်းအတွက်မဟုတ်ဘဲ ပြည်ထောင်စုကြီး အရေးအတွက် စဉ်းစားဆွေးနွေး တိုင်ပင်ပေးကြ ရန် တိုက်တွန်းလိုပါ ကြောင်းပြော ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ- UPDJC ဒုတိယဥက္ကဋ္ဌ  ဦးသုဝေ က ငြိမ်းချမ်းရေး ရရှိအောင်ဆောင် ရွက်ကြသူများအနေဖြင့် ငြိမ်း ချမ်းရေးကို တကယ် လိုချင်သည် ဆိုသည့် စိတ်ရှိရန်အရေကြီးပါ ကြောင်းပြောကြား သည်။
ထို့နောက် အစည်းအဝေး အစီအစဉ်များကို အတည်ပြုခြင်းနှင့်  မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့မှ NCA တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့မှုအားတင်ပြခြင်း၊ UPDJC ပြင်ဆင်ဖွဲ့စည်းရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်း ကော်မတီများ ပြင်ဆင်ဖွဲ့စည်းရေးကိစ္စ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးကိစ္စနှင့် လူထု တွေ့ဆုံ ပွဲများ ကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဆွေးနွေးချက်များအပေါ် ပြန်လည် အကြံပြုဆွေးနွေး ကြသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ- UPDJC ဒုတိယဥက္ကဋ္ဌ  ဦးသုဝေ  ၊ ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းနှင့် ဦးကျော်တင့်ဆွေ တို့က နိဂုံးချုပ် အမှာစကား ပြောကြား ကြသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကောမတီ- UPDJC အဖွဲ့ဝင်များ ဖြစ်ကြသည့် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသား လက်နက်ကိုင်များအစုအဖွဲ့မှ ကိုယ်စား လှယ်များ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် စာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကိုဖေဖော်ဝါရီ (၂၈) ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။  
(သတင်းစဉ်)

No comments:

Post a Comment