Friday, February 2, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တပုံမှန်အစည်းအဝေး ၁၁ ရက်မြောက် နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေကြမ်းကို အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင် ကြည်ညွန့်၏ နိုင်ငံတော် အတွင်း အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုကို အလွန် အမင်း ထိခိုက်စေလျက်ရှိသည့် FDA က ပိတ်ပင်ထားသော အစားအသောက်များ ဈေး ကွက်တွင် တွင်ကျယ်စွာ ဆက်လက်ရောင်းချနေခြင်း၊ FDA ခွင့်ပြုချက်မပါသော နိုင်ငံခြားဘာသာ သက်သက်ဖြင့်သာ ရေးသားထားသော အစား အသောက်များ၊ ဥပဒေအရ သတ်မှတ်ထားသည့် အညွှန်းအချက်အလက်မပါသည့် အစားအသောက် များနှင့် ဓာတု ဗေဒဆိုးဆေးများ အလွန်အကျွံသုံးထားသော အစားအသောက်များ ရောင်းချနေခြင်းကို မည်ကဲ့သို့ ထိန်းချုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဈေးကွက်အတွင်း ထောက်လှမ်းခြင်း၊ တွေ့တဲ့ပစ္စည်းတွေ ဖျက်သိမ်းခြင်းတွေ လုပ်ပါတယ်။ ထုတ်လုပ်တဲ့နေရာထိ ကျွန်တော်တို့သွားပါတယ်။ ထုတ်လုပ်တဲ့ရောင်းတဲ့ နေရာတွေမှာ ၂နည်းနဲ့လုပ်ပါတယ်။  ပထမ တစ်နည်းက စီမံခန့်ခွဲခြင်းနည်းလမ်းနဲ့ ဒုတိယတစ်နည်းက တရားစွဲခြင်းနည်းလမ်းပါ။  စီမံခန့်ခွဲခြင်း နည်းလမ်းမှာ  ပညာပေးပါ တယ်။ ခံဝန် ကတိထိုးခိုင်းပါတယ်။ မရရင် ရောင်းမိန့်ကို ပိတ်ပါတယ်။  တရားစွဲပါ တယ်။ ဒါဟာ ၁၉၉၇ ခုနှစ်က ဥပဒေတစ်ခုဖြစ်ပါတယ်။ ၂၀၁၃ မှာပြင်ဆင်ထားပြီးတော့ ဒါကိုကြည့်ရင်လည်း လုံလောက်မှုမရှိဘဲ ထိရောက်မှုနည်းတဲ့အတွက် ပြင်ဆင်နေပါ တယ်။ ပြင်ပြီးရင် ဥပဒေကိုက ပိုပြီး ထိရောက်မှာပါ။ ထပ်ပြင်ရမယ်ဆိုရင် အမှန်တရား တည်ပြီးဇစ်မြစ်ကို ကိုင်တွယ်ရမှာပါ။ ဆိုးဆေးပါတဲ့ အစားအသောက်တွေကို ကိုင်တွယ်မယ်ဆိုရင်  ပြည်တွင်းမှာ ရောင်းတဲ့  အစားအသောက်နဲ့ အခြားနိုင်ငံက၀င်တဲ့ အစားအသောက်ရှိပါတယ်။ အခြားနိုင်ငံလာတဲ့ ပစ္စည်းတွေကို ဓာတ်ခွဲဖို့အတွက် နယ်စပ် ဒေသတွေမှာ ဓာတ်ခွဲခန်းတွေထားရှိပါတယ်။  ဇစ်မြစ်ကို လုပ်မယ်ဆိုရင် ကျောင်းမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေက ကျောင်းသားတွေကို ပြောရမှာပါ။ ကျွန်တော်တို့ဘက်က ကျောင်းကျန်းမာရေးနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရန်ရှိပါတယ်။ ပညာဝန်ကြီးဌာန အနေနဲ့ ကလည်း  စီမံချက်ချပြုလုပ်ရမှာပါ။ ပြည်သူ့ကျန်းမာရေးဆိုတာရှိပါတယ်။ ရောင်းတဲ့ သူကိုလည်း ပညာပေးရပါမယ်။ အမြတ်တစ်ခုတည်းကို မကြည့်ပါနဲ့၊ ဒီပစ္စည်း ကိုရောင်း ခြင်းအားဖြင့် ကလေးကလည်း စားမှာဘဲ။ ရေရှည်မှာဒုက္ခရောက်မှာပါ။ အဓိကကတော့ ပညာပေးလုပ်ငန်းတွေကို လုပ်မှာပါ။ အခုဆိုရင် ပထမဆုံးသတင်းစာတွေထဲမှာ ကြော်ငြာထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး စပြီးလုပ်နေပါတယ်။  တိုင်းဒေသကြီးနဲ့ ပြည်နယ် အကုန်လုံး တစ်ခုပြီးတစ်ခုလုပ်မှာပါ။ ဒီဟာက အခုမလုပ်ရင် ရေရှည်မှာ ကျန်းမာရေးထိခိုက်မှာပါ။ FDA တင်လုပ်လို့မရပါဘူး။ ကျောင်းကျန်းမာရေး၊ ကျောင်း ဆရာနဲ့ လုပ်လို့မရဘူး၊ မြန်မာနိုင်ငံ စားသုံးသူအသင်းကလည်း ပါပါတယ်။ သူတို့က တစ်ပြည်လုံးမှာရှိပါတယ်။ အိမ်တိုင်းကိုလည်း ပညာပေးရပါမယ်။ ကျွမ်းကျင်မှုဆိုင်ရာကို FDA ပေးမယ်။ Lab တွေပေးမယ်။ မီဒီယာတွေပါမယ်။ ဒီဟာတွေ ပေါင်းလုပ်မှရမယ်။ FDA က လုပ်ရုံနဲ့မရနိုင်ပါဘူး။ မီဒီယာက အရေးကြီးပါတယ်။ အဓိကက ကျောင်းဘဲ။ ကျောင်း သားမိဘ ဆရာတွေ ပါရမယ်။ ဆေးဆိုင်တွေပါအကုန်ပါရမယ်။ ၂၀၁၇ ခုနှစ်ကို ကျွန်တော်တို့က ဈေးကွက် ထောက်လှမ်းရေးပိုပြီး လုပ်တဲ့နှစ်လို့ သတ်မှတ်ထားပြီး ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ ကို သွားနေပါတယ်။ ဈေးကွက်ထောက်လှမ်းခြင်းအနေနဲ့ ရှောင်တခင် ၀င်စစ်ပါတယ်။ တွေ့တာကို အရေးယူပါတယ်။ စစ်တဲ့နေရာမှာ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ရေး ကော်မတီနဲ့ ပူးပေါင်းပြီး လုပ်ပါတယ်။ နိုင်ငံခြားဘာသာသက်သက်နဲ့ ရေးသားထားတဲ့ အစားအသောက်တွေနဲ့ စပ်လျဉ်းပြီး မြန်မာဘာသာဖြင့်ရေးသား ဖော်ပြရမည်ဆိုတာ ကိုတော့ ကျွန်တော်တို့မှာ ဥပဒေ မရှိသေးပါဘူး။ အရေးကြီးတဲ့ကိစ္စ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဘဲ လုပ်လို့မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာအသင်းအဖွဲ့တွေ အကြံဥာဏ်ပေးပြီး မှ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ကျွန်တော်တို့ လုပ်ဖို့ရှိပါတယ်။ အထည် အလိပ်ဓာတုဆိုးဆေးမှာ ဈေးကွက်အတွင်း အလွယ်တကူသုံးစွဲနိုင်ခြင်း ဆိုတာကိုတော့ နိုင်ငံတကာမှာ လုပ်လေ့လုပ်ထ မရှိပါဘူး။ လွတ်လပ်စွာ ရောင်းလို့ရပါတယ်။ အစားအသောက်ဆေးဝါးနှင့် မြို့နယ် ကြီးကြပ်ရေး ကော်မ တီကတော့ ကျွန်တော်တို့က အခုမှ ခရိုင်အဆင့်ထိဘဲ ရောက်သေးတယ်။ မြို့နယ် အဆင့်ထိတော့ မရောက်သေးပါဘူး။ ခရိုင်အဆင့်က လူတွေက ကူညီ ပြီးလုပ်ပေးနေပါတယ်။ ရုံးမရှိသေးတဲ့အတွက် ကော်မတီနဲ့စပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီကော်မတီမှာဆိုရင် မြို့နယ်ကျန်းမာရေးမှူးက ဥက္ကဋ္ဌလုပ်ပါတယ်။  လက်ထောက်ကျန်းမာရေးမှူးပါမယ်။ ထွေအုပ်ပါမယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါတယ်။ မြို့နယ်စည် ပင်ပါတယ်။ မြို့နယ်မွေးမြူရေးအဖွဲ့ပါတယ်။ နိဂုံးချုပ် အနေနဲ့ကတော့ ဒီကိစ္စအတိုင်းအတာက တစ်နိုင်ငံလုံး ပြည်သူရဲ့ကျန်းမာရေး တဖြည်းဖြည်း ကျဆင်း လာပြီး ကျန်းမာရေး ကောင်းအောင် ဘယ်လောက်လုပ်လုပ် မကယ်တင်နိုင်တဲ့ အခြေအနေ ရောက်နေပါပြီ။ ရောင်းတဲ့သူတွေကလည်း ကျင့်ဝတ်လေးနဲ့ ရောင်းကြဖို့ပါ အမြတ်ကိုပဲ မကြည့်ပါနဲ့၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကိစ္စကို ပထမ ဦးစားအနေနဲ့ ၂၀၁၈ မှ အဓိကထားပြီး လုပ်နေပါတယ် ဟု ဖြေကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ရှားတောကျွန်းရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ခြင်းအတွက် တင်ဒါအောင် ကုမ္ပဏီအနေဖြင့် စံချိန်စံညွှန်းမပြည့်မီခြင်းနှင့် လုပ်ငန်းအပ်နှံမှု မရှိသေးခြင်းအပေါ် မည်သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေးက ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်က ရာခိုင်နှုန်း(၁၀၀)ပြီးစီးကြောင်း လက်မှတ်ထိုး ထားပါတယ်။ မြို့နယ်ကျန်းမာရေး ဆရာဝန်၊ ဦးစီးအရာရှိ လမ်းဦးစီးဌာနတို့က လုပ်ငန်း (၁၀၀) ရာခိုင်နှုန်းပြီးစီးကြောင်းကို လက်မှတ်ထိုးထားပါတယ်၊ တစ်ပတ် လောက်အကြာမှာ လွှဲပြောင်း ပေးပါတယ်၊ ဂုဏ်ကြီးရှင် ဒါရိုက်တာ ဦးသက်နောင်ဦးနဲ့ မိုးညိုမြို့နယ်မှူး တို့က လွှဲပြောင်းတာကို လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီနဲ့ပြန်ညှိမယ် ကုမ္ပဏီက လုပ်ပေးရမှာ ဖြစ်ပါတယ်။ တိုင်းဦးစီးမှူးကနေ နောက်ဆုံး အခြေအနေကိုသွားကြည့်ပြီးတော့ သူလက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ တော်တော်ကောင်းပါတယ်။ စက်ပစ္စည်းအခက်အခဲကြောင့် လိုတာ ရှိပေမယ့် သိပ်မများပါဘူး။ မျက်နှာ ကျက်တွေ၊ အကုန်လုံးကိုပြင်ပြီးပါပြီ၊ အရင် အခြေအနေ အားလုံးကို ပြင်ပြီးပါပြီ၊ မျက်နှာ စာခြံစည်းရိုးလဲ တော်တော်ကောင်းသွားပါပြီ၊ အသစ်ချဲ့တဲ့လမ်းတွေလည်း ကောင်းသွား ပါပြီ၊ မျက်နှာကျက်တွေ အကုန်ကောင်းသွားပါပြီ၊ သိပ်မကောင်းတာ တွေ့မယ်ဆိုရင် ပြန်ညှိပြီးဆက်လက် ဆောင်ရွက်ပေးမယ် ဟု ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးတင်ဝေ၏ တနင်္သာရီိတိုင်း ဒေသကြီး မြိတ်မြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့သစ်၏ ကျောင်းဧရိယာမှာ ၀ ဒသမ ၆၇၄ ဧကသာ ရှိသဖြင့် အလွန်ကျဉ်းမြောင်း နေပါ၍ ကျောင်းဧရိယာလျာထားမြေမှ ရယူထားပြီး မသုံးပြုခြင်းမရှိတော့သည့် တိုင်းရင်း သားအဆောက်အအုံပါ မြေယာကို ပြန်လည်စွန့်လွှတ်၍ ပညာရေးပိုင်မြေအဖြစ် လွှဲပြောင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းရင်းဆေးပညာဦးစီးဌာနက မြိတ်မြို့နယ် မြိတ်တောင် ရပ်ကွက် ကွင်းအမှတ် ၉၉(ခ)ဘုရားကိုင်ကွင်း မြေနေရာ ၀ ဒသမ ၂၂၃  ဧကရှိတဲ့ ၁၆ ခုတင် ဆေးရုံကို ၁၉၉၅ ခုနှစ်က ဆောက်လုပ်ပါတယ်။ ၁၉၉၈ မတ်လမှာ ဖွင့်လှစ် ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ အဲဒီနေရာမှာ ၀န်ထမ်းအိမ်ရာ ဆောက်ပါတယ်။ မြေပိုလည်းရှိပါတယ်။ ၂၀၁၁ ခုနှစ်မှာ ၀န်ထမ်းအိမ်ရာ ဆောက်ပါတယ်၊ ဆောက်ပြီးတဲ့အချိန်မှာ ၁၆ ခုတင်ကနေ ၂၅ ခုတင်ဆံ့ဆေးရုံတိုးပေးတဲ့အတွက် အဲဒီနေရာမှာ မဆောက်တော့ဘဲ ၂၀၁၅ ခုနှစ်မှာ အသစ်ပြန် ဆောက်လိုက်ပါတယ်။ ၂၅ ခုတင် ဖြစ်သွားပါပြီ၊ ၁၆ ခုတင်ဆံ့ဆေးရုံမှာ ကျန်တဲ့အဆောက်အဦနဲ့ ၀န်ထမ်းတွေကတော့ ကျွန်တော်တို့ပိုင်ပါတယ်။ ၁၆ ခုတင်ဆံ့ ဆေးရုံမှာ ခရိုင်ဦးစီးမှူးထားတယ်။ ၀န်ထမ်းအိမ်ရာမှာ လူမနေဘူးဆိုတာက  တိုင်းရင်း ဆေးမှာ လုပ်တဲ့ဝန်ထမ်းတွေက မြို့ကဖြစ်တဲ့ အတွက် ၀န်ထမ်းအိမ်ရာ ယူထားလို့ မရပါဘူး။ အပြောင်းအရွှေ့တွေ အများကြီးလာတဲ့အခါမှာ နေစရာမရှိတဲ့အတွက် ယူထားလို့မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့အတိုင်း နဂို ၁၆ ခုတင်ဆံ့ရှိ တဲ့နေရာမှာ ခရိုင်ဦးစီးမှူးရုံးလုပ်ထားပါတယ်။ အမှန်တိုင်းပြောရရင် ပညာရေးကို ပေးလိုက်ချင်ပါတယ်။ ပေးမယ်ဆိုတာက ကျောင်းသားတွေ ကျပ်ပြီးတော့ တော်တော် လေး ဒုက္ခရောက်ပါတယ်။ ပညာရေးက ကျန်းမာရေးထက်ပိုပြီးတော့ အရေးကြီးပါ တယ်။ ၀န်ထမ်းနေရာ မပေးလိုက်ဘဲ အဲဒီမြေနေရာပေး လိုက်မယ်ဆိုရင် ခရိုင်ရုံး ဆောက်ဖို့ မြေနေရာလိုပါတယ်။ မြေနေရာ တစ်နေရာရမယ်ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ တင်ပြီး ဒီမြေနေရာကို ပေးလို့ရပါတယ်။ မြေနေရာချက်ချင်းပေးရင် ချက်ချင်းလုပ်မယ်၊ နောက် တစ်ချက်က တိုင်းဦးစီးမှူးနဲ့ ပညာရေးဝန်ကြီးဌာန တိုင်းဦးစီးမှူးတို့ ပြန်ညှိပြီးတော့ ဘယ်လိုဆက်လုပ် မယ်ဆိုတာကို ၀ိုင်းစဉ်းစားပြီးတော့ လုပ်ပါမယ်။ အဲဒီနေရာကို ပေးလိုပါတယ်ဟု ရှင်းလင်းဖြေကြား သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦး၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ၀န်ကြီးဌာနများမှ ၀န်ထမ်းသစ်များ ခန့်ထားနိုင်ရေးအတွက်  လျှောက်လွှာခေါ်ယူရာတွင် “နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက် မူရင်း” ဆိုသည့် စည်းကမ်းချက်များအား သတ်မှတ်ထည့်သွင်းခြင်းမပြုရန် ၀န်ကြီးဌာန အားလုံးကို ညွှန်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့ခဲ့ သည့် ဖြေကြားချက်များအနက်  ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနမှ နိုင်ငံတော်၏  ပြောင်းလဲလာသော အခြေအနေများအရ ထုတ်ပြန်လျက်ရှိသည့် လမ်းညွှန်ချက် နှင့်အညီ ဆက်လက် ဆောင်ရွက်သွားပါမည်ဟု ဖြေကြားချက်ပေးပို့ခဲ့ပြီး ကျန်ပြည် ထောင်စုဝန်ကြီးဌာနများမှ ၀န်ထမ်းသစ် များကို ခန့်ထားရာ၌ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ထုတ်ပြန်သည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ကြော်ငြာခေါ်ယူ ဆောင်ရွက်လျက်ရှိပြီး ပညာအရည်အချင်း အထောက်အထား၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ အလုပ် သမားညွှန်ကြားရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် အလုပ်သမားမှတ်ပုံတင် ကတ်ပြား၊ ကိုယ်ရေးလျှောက်လွှာ တို့ကိုသာ တောင်းခံ၍ နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း တောင်းခံခြင်းမရှိပါဟု ဖြေကြားချက်များ ပေးပို့ခဲ့ကြပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများတွင် ၀န်ထမ်းသစ်များ ခန့်ထားနိုင် ရေးအတွက် လျှောက်လွှာခေါ်ယူရာ၌ ပါတီနိုင်ငံရေးနှင့် စပ်လျဉ်း၍ သတ်မှတ်ပြဋ္ဌာန်း ထားခြင်းမရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ၀န်ကြီးဌာနများမှ နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက် မူရင်းဆိုသည့် စည်းကမ်း ချက်အား သတ်မှတ် ထည့်သွင်းခြင်းမပြုရန် ၀န်ကြီးဌာနအားလုံးသို့ ညွှန်ကြားပေး ရန်အစီအစဉ် မရှိပါကြောင်း  ပြည်ထောင်စုဝန်ကြီးဌာန အားလုံးနှင့် ပေါင်းစပ်ညှိနှိုင်း ရှင်းလင်းဖြေကြားသည်။
ယင်းနောက် နိုင်ငံဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက် အစီရင်ခံစာကို  ဥပဒေကြမ်း ကော်မတီဝင်  ဒေါ်အုန်းကြည်က ဖတ်ကြားရှင်းလင်းပြီး ယင်းဥပဒေကြမ်း အား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်းက လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
ဆက်လက်၍  ယင်းဥပဒေကြမ်းအား အတည်ပြုရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ၀င်းသိမ်းက အဆိုတင်သွင်းပြီး  စစ်ကိုင်းတိုင်ဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) မှ ဦးဝင်းအောင်က ယင်းအဆိုကို ထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်းသန်းက ယင်းဥပဒေကြမ်း အား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၂ ရက် မြောက်နေ့ကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment