Wednesday, January 17, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းသို့ တက်ရောက်အမှာစကား ပြောကြား


နေပြည်တော်၊ ဇန်န၀ါရီ ၁၇
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးဝင်းခိုင်၊ ဦးခင်မောင်ချို၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊  ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယ ၀န်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်း ကော်မတီ(၅)ရပ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ယခုကျင်းပသည့် အစည်းအဝေးသည် ကော်မတီ၏ ဆဋ္ဌမ အကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်(၃၈)ချက် ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ကော်မတီအနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်(၃၈)တွင် (၃၅)ချက်ကို ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ မပြီးပြတ်သေးသည့် ကျန်(၃)ချက် ကိုလည်း အမြန်ပြီးပြတ်အောင် ဆက်လက် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှ နိုင်ငံ၏စီးပွားရေးဦးမော့လာ မည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များ၊ အခက်အခဲများ အားလုံးကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် လုပ်ငန်းကော်မတီများ အနေဖြင့် အားသွန်ခွန်စိုက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြစေလို ပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍသည် ၉၀ ရာခိုင်နှုန်း ပါဝင်နေပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍသည် ၉၉ ရာခိုင်နှုန်း ပါဝင်နေပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုး တိုးတက်ရေးအတွက် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ၊  အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီနှင့် လုပ်ငန်းသုံးသပ် အစီရင်ခံရေး အဖွဲ့များ ဖွဲ့စည်း၍ အင်တိုက် အားတိုက် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အဆိုပါကဏ္ဍများ အောင်မြင်မှသာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။
ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ တွေ့ဆုံဆွေးနွေးခဲ့ရာ (၁၃) ကြိမ်မြောက်အထိ တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံပွဲများမှ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲတင်ပြချက်ပေါင်း(၂၀၉)ချက် ရှိပါကြောင်း၊ အဆိုပါ တင်ပြချက်များကိုလည်း   သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် လုပ်ငန်း ကော်မတီ(၅)ရပ်သို့ ပေးပို့ခဲ့ပြီး ပြန်ကြားချက်(၂၀၉)ချက် ရရှိခဲ့ပါကြောင်း၊ အဆိုပါအချက်များ အားလုံး ကိုလည်း ပြန်ကြားခဲ့ပြီး ဖြစ်ပါကြောင်း။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းအတွက် လွယ်ကူမှု (Ease of Doing Business) အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဘဏ်နှင့် စတင်ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ အဆင့် ၁၈၂ ဖြစ်ပြီး၂၀၁၈ ခုနှစ် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့် Ease of Doing Business အစီရင်ခံစာ၌ မြန်မာနိုင်ငံသည် အဆင့် ၁၇၁ သို့ ရောက်ရှိနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊  Ease of Doing Business အဆင့်တိုးတက်စေရန် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ Ease of Doing Business အဆင့် တိုးတက်လာ စေရန်အတွက် Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ကို ၂၀၁၈ခုနှစ် ဇန်န၀ါရီလ ၈ ရက်တွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ Ease of Doing Business Indicators အလိုက် ဆိုင်ရာ အထောက်အကူပြုအဖွဲ့ (၁၀)ဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်ထားရှိပါကြောင်း၊  Ease of Doing Business အဆင့် ပိုမိုတိုးတက်မှုရရှိရေးအတွက် အညွှန်းကိန်းတစ်ခုခြင်း အလိုက် တာဝန်ယူ ဆောင်ရွက်ရမည့် အဖွဲ့ခေါင်းဆောင်များကလည်း အညွှန်ကိန်းတိုးတက် လာစေရန် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့်လည်း ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယနေ့ အစည်းအဝေးသို့ တက်ရောက်လာကြသူများ အနေဖြင့်လည်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ သန်းမြင့်က ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ကော်မတီ၏ ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ကော်မတီ၏ဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ ငွေကြေး ရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းဆိုင်ရာ ၀န်းကျင် တိုးတက်ကောင်းမွန်စေရေး လုပ်ငန်းကော်မတီ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီနှင့် စီးပွားရေးနှင့် ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံ၏ အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေး လုပ်ငန်းကော်မတီ တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် လယ်ယာကဏ္ဍနှင့် ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ၂၀၁၈ ခုနှစ် ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်မှု၊ ဟိုတယ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗီဇာရရှိနိုင်မှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စု ၀န်ကြီးဦးဝင်းခိုင်က လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဓာတ်အားသုံးစွဲနိုင်မှု အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စက်မှုဝန်ကြီးဌာန၏ ပါဝင်ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက တရားမ၀င် ကုန်သွယ်မှုများ တားဆီးဆောင်ရွက် နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် Doing Business အစီရင်ခံစာနှင့်ပတ်သက်၍ လက်ရှိအခြေအနေနှင့် မျှော်မှန်းချက်များကို ညွှန်းကိန်း နယ်ပယ်အလိုက် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေး ကော်မတီများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ကုန်သွယ်ရေး ဦးစီးဌာနနှင့် ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
 ယင်းနောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment