Thursday, December 21, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး တက်ရောက်


နေပြည်တော် ဒီဇင်ဘာ ၂၁
(၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉  နာရီ ခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄၇) အစည်းအဝေး ခန်းမ၌ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက (၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ဒုတိယ သမ္မတ အပါအ၀င် (၆)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန်(၆)ရပ် ချမှတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်း တာဝန်များကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း ကော်မတီ(၁)ခုနှင့် ဆပ်ကော်မတီ(၉)ခုကိုလည်း ဖွဲ့စည်းခဲ့ ပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံအား ၂၀၀၀ ခုနှစ်မှ စတင်၍ ရန်ကုန်မြို့တွင် (၆)ကြိမ်နှင့် နေပြည်တော်၌ (၁၁)ကြိမ် နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် (၁၈)ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယခုလို နှစ်စဉ်ကျင်းပခဲ့သည့် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် နှီးနှော ဖလှယ်ပွဲအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းသာမက ဆက်စပ်လျက်ရှိသည့် ၀န်ကြီးဌာန များကပါ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခု(၁၈)ကြိမ်မြောက် ညီလာခံမှာလည်း အစဉ်အလာမပျက် ၀ိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
ယခုကျင်းပမည့် (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို ရည်ရွယ်ချက်(၄)ခုချမှတ်ကာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ ရည်ရွယ်ချက်များကတော့  မြန်မာ့ တိုင်းရင်းဆေးလောက ဘက်စုံအဆင့်အတန်း မြင့်မားရေးနှင့် မြန်မာ့တိုင်းရင်းဆေးပညာ အရည်အသွေး တိုးတက်ရေး၊ မြန်မာ့တိုင်းရင်းဆေးဆရာတို့၏ ကျင့်ဝတ်သိက္ခာ မြင့်မားရေး၊ မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုစောင့်ရှောက်မှုပေးနိုင်ရေး၊ မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တိုင်းရင်း ဆေးဝါးများ ပိုမိုကောင်းမွန်လာစေရေးတို့ ဖြစ်ပါကြောင်း။
ယခုနှစ် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၂)ရက်တွင် ယခင်နှစ်များက ကဲ့သို့ပင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ညီလာခံသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးကောင်စီ ၀င်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဆရာ အသင်းဝင်များ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ အသင်းဝင်များ၊ ပြည်တွင်းက အစိုးရမဟုတ်သော အသင်း အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ညီလာခံကိုယ်စားလှယ်များ စုစုပေါင်း(၄၀၀)ခန့် တက်ရောက်ကြမည်ဖြစ်ပါကြောင်း။
မိမိတို့ ဦးစီးကော်မတီအနေဖြင့် ညီလာခံကြီး အောင်မြင်ရန် သက်ဆိုင်ရာလုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီ များက စနစ်တကျပူးပေါင်းကာ ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ နှစ်စဉ်ကျင်းပခဲ့သည့် အတွက် အတွေ့အကြုံရှိပြီးဖြစ်သော်လည်း ချမှတ်ထားသည့် ရည်ရွယ်ချက်များ အောင်မြင်ရေး၊ အဘက်ဘက်မှ လစ်ဟာမှုမရှိအောင် ပိုမိုကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။  
ထို့နောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေးက (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲမှ ရလဒ် ကောင်းများ ရရှိရေးအတွက် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဦးစီးကော်မတီ အတွင်းရေးမှူး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် တွဲဖက်အတွင်းရေးမှူး တိုင်းရင်းဆေး ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်ရီရီမြင့်တို့က ကော်မတီများဖွဲ့စည်းထားမှုနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြ သူများက ၀ိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ (၁၈)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ နှင့် နှီးနှောဖလှယ်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် ဦးစီးကော်မတီဝင်များ၊ လုပ်ငန်း ကော်မတီဝင်များ၊ ဆပ်ကော်မတီ (၉)ခုမှ ကော်မတီဝင်များ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment