Friday, December 29, 2017

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြား



မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနှင့် ဦးအောင်ကိုမြင့်၊  ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုရေးဆိုင်ရာ ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မသန်စွမ်း ဆက်စပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ က မြန်မာနိုင်ငံ အတွင်း မသန်စွမ်းသူ ၂ဒသမ ၃ သန်း ရှိရာ နိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းကျော် ရှိသည့်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက် တွင် ပြည်ထောင်စု အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၇၀)ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊
မသန်စွမ်းသူများသည် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို အခြား နိုင်ငံသားများ ကဲ့သို့ တန်းတူညီမျှ ရရှိခံစားနိုင်ရေး အတွက် အခက်အခဲနှင့် စိန်ခေါ်မှုများ ဆက်လက် ကြုံတွေ့နေရဆဲ ဖြစ်ပါကြောင်း၊
မသန်စွမ်းသူများ အတွက် အဆင်ပြေ သင့်လျော်သည့် ပတ်ဝန်းကျင် (Reasonable Accommodation) ဖန်တီးမှုဆိုင်ရာ အခြေခံ အဆောက်အဦများ ပြင်ဆင်မွမ်းမံခြင်း၊ အသစ် တည်ဆောက်ခြင်း၊ စာသင်ခုံများကို ပြင်ဆင် ပြုပြင်ခြင်း၊ မသန်စွမ်းမှု အမျိုးအစား အလိုက် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများ ထောက်ပံပေးခြင်း စသည့် ရုပ်ဝတ္ထုဆိုင်ရာများ ဖြည့်ဆည်းပေးမှု အားနည်းခြင်း၊ မျက်မမြင် လက်စမ်းစာနှင့် လက်သင်္ကေတပြ ဘာသာ စကားတို့ တတ်မြောက်သည့် ဆရာ ဆရာမများနှင့် မသန်စွမ်းသူ ဆရာ ဆရာမများ စသည့် လူ့စွမ်းအား အရင်းအမြစ် ဆိုင်ရာများ ဖြည့်ဆည်းပေးမှုများ မရှိခြင်းနှင့် မသန်စွမ်းသူ အပေါ် နားလည် သဘောပေါက်မှု အမြင် သဘောထား ဆိုင်ရာ အတားအဆီးများကို ယနေ့တိုင် မြင်တွေ့ ကြားသိနေရဆဲ ဖြစ်ပါကြောင်း၊
မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရေးနှင့် အမှီအခိုကင်းစွာ နေထိုင်နိုင်ရေး အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှုသည် လွန်စွာ အရေးကြီးပါကြောင်း၊ မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်နှင့် စွမ်းဆောင်နိုင်မှု တို့ကို အသိအမှတ် ပြုရန် လိုအပ်ပြီး လုပ်ငန်းအလိုက် လိုအပ်ချက်အရ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်း အစီအစဉ်များကို ပြုလုပ် ဆောင်ရွက် ပေးရန်လည်း လိုအပ်ပါကြောင်း၊  ထို့ပြင် လုပ်ငန်းခွင် နေရာများကို မသန်စွမ်းသူများ အတွက် အဆင်ပြေ သင့်လျော်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးနှင့် လိုအပ်သော နည်းပညာများ ထောက်ပံ့ ပေးရန်လည်း လိုအပ်ပါကြောင်း၊
မသန်စွမ်းသူများ၏ အခြားသော အခွင့်အရေးများ ဖြစ်သည့်  နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ နယ်ပယ်များတွင် ပါဝင် ဆောင်ရွက်ခွင့် ရရှိရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သတင်း အချက်အလက် ရယူနိုင်ခွင့်၊ လူ့အဖွဲ့အစည်း အတွင်း အမှီအခိုကင်းစွာ ရပ်တည်နိုင်မှု အစရှိသည့် လူ့အခွင့်အရေးများ အပါအဝင် မသန်စွမ်းသူများအတွက် ကဏ္ဍပေါင်းစုံ ဖွံဖြိုး တိုးတက်ရေးနှင့် တန်းတူ ညီမျှရေးတို့ကို ဆောင်ရွက် ပေးရမည် ဖြစ်ပါကြောင်း၊
မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို အသိအမှတ်ပြု ဆောင်ရွက်သည့် အနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအား အဖွဲ့ဝင်နိုင်ငံ အဖြစ် အတည်ပြု လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဇွန်လ (၅)ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် (၃၀)ဖြင့် အတည်ပြု ပြဌာန်းခဲ့ပါကြောင်း၊ ဆက်လက်၍ မသန်စွမ်း သူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊
မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေအရ သတ်မှတ် ပြဌာန်းထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများကို မသန်စွမ်းသူများ အပြည့်အဝခံစားရရှိနိုင် ရေးအတွက် အမျိုးသား ကော်မတီ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊  အမျိုးသား ကော်မတီသည် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရေး၊ မသန်စွမ်းသူများ၏ ဘဝ တိုးတက်လာစေရေး၊ ဥပဒေပါ ပြဌာန်းချက်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် အဆင့် မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ်ခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူ ဆောင်ရွက်ခြင်းနှင့် ချမှတ်ထားသော မူဝါဒ၊ လမ်းညွှန်ချက်များနှင့် အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်နယ် အစိုးရအဖွဲ့၊ နေပြည်တော် ကောင်စီ၊ စည်ပင် သာယာရေး ကော်မတီ၊ စည်ပင် သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ မသန်စွမ်းမှု ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သည့် အစိုးရ မဟုတ်သော လူမှုရေး အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ မသန်စွမ်းသူများ အသင်းအဖွဲ့များ၊ မသန်စွမ်းမှု လုပ်ငန်းကို စိတ်ပါဝင်စားသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ သယ်ယူ ပို့ဆောင်ရေး အဖွဲ့အစည်းများ၊ သတင်း အချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ ဆောင်ရွက်မှုကို ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် စောင့်ကြည့် လေ့လာခြင်းစသည့်  လုပ်ငန်းတာဝန်များကို အဓိကထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်  ဌာနတစ်ခု၊ အဖွဲ့အစည်း တစ်ခုတည်းသာ သက်ဆိုင်ကြောင်း မယူဆစေလိုဘဲ အခြား ကဏ္ဍအလိုက် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်း များကလည်း တာဝန်ယူ ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ 
မသန်စွမ်းသူများ ဖွံ့ဖြိုး တိုးတက်ရေးကို တက်ညီ လက်ညီ ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အသစ် စတင် ဆောင်ရွက်ရမည့် အစီအစဉ်များတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် မသန်စွမ်းမှုဆိုင်ရာ လိုအပ်ချက်များကို သိရှိနားလည် ထည့်သွင်း ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ် များတွင်လည်း မသန်စွမ်းသူများကို ပါဝင် ဆောင်ရွက်ခွင့်ပေးပြီး မသန်စွမ်းသူများနှင့် အတူ လက်တွဲ ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊
မသန်စွမ်းမှုသည် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် အကြောင်း အရာတစ်ခု မဟုတ်ဘဲ မသန်စွမ်းမှုဆိုင်ရာ အရေးကိစ္စတို့ကို လျစ်လျူ ရှုထားခြင်းနှင့် မသန်စွမ်းသူများကို ချန်လှပ် ထားခြင်းသာလျင် လူ့အဖွဲ့အစည်း၏ ရေရှည် တည်တံ့မှု ရှိသော ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်ကို လျှောက်လှမ်းရာတွင် ထိခိုက် နှောင့်နှေး ကြန့်ကြာစေနိုင်သည့် အတွက် မသန်စွမ်းသူများ အားလုံး တန်းတူ အခွင့်အရေး ရရှိစေရန် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အားလုံး ပူးပေါင်း မြှင့်တင် ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားသည်။
 ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီဝင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က မသန်စွမ်းသူများ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ လုပ်ငန်း အစီအစဉ်နှင့် အမျိုးသား ကော်မတီ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေး တင်ပြသည်။
ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့် က မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် အစည်းအဝေးသို့ တက်ရောက် လာကြသူများနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment