Monday, November 20, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၀
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ စည်းကမ်းချက် များနှင့် မညီသော သားသတ်လိုင်စင် ရရှိသူများအပေါ် အရေးယူရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက  နေပြည်တော် အတွင်းရှိ မြို့နယ် ၈ မြို့နယ်တွင် (၀က်၊ အမဲ၊ ဆိတ်) ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံ များဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သားသတ်လိုက်စင်များ ခွင့်ပြုချ ထားပေးရာတွင် လေလံစနစ်၊ ဈေးခုံစနစ်နှင့် လေလံခုံစနစ်တို့ဖြင့် ကြီးကြပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊  လုပ်ပိုင်ခွင့်လုပ်ငန်း နှင့် သက်ဆိုင်ခြင်းမရှိသော သားသတ်ခြင်း၊ အသား ထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု စည်းကမ်းချက် များနှင့် မကိုက်ညီသော သားသတ်လိုင်စင် ရရှိသူများနှင့် စပ်လျဉ်း၍ ခွင့်ပြုချက်မရှိဘဲ  အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊  နေပြည်တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း စားသုံးရန် တိရစ္ဆာန်များ သတ်ဖြတ်ခွင့်ပြုခြင်းနှင့် အသားရောင်းချခြင်းလုပ်ငန်း များနှင့် စပ်လျဉ်း၍ လုပ်ကိုင်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်အုပ်ချုပ်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို  နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ အမိန့်ကြော်ငြာ တွင် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါကြောင်း၊ လုပ်ပိုင်ခွင့် လုပ်ငန်းနှင့် သက်ဆိုင်ခြင်း မရှိသော သားသတ်ခြင်း၊ အသားထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ခြင်း လုပ်ငန်း ဆောင်ရွက် နေမှုနှင့် စည်းကမ်းချက်များနှင့် မညီသော သားသတ်လိုင်စင် ရရှိသူများအားလည်း ကောင်း၊ စည်းကမ်းချက်များနှင့် မညီသော သားသတ်လုပ်ငန်းနှင့် အသားရောင်း ချမှုများအား လည်းကောင်း စစ်ဆေးဖော်ထုတ် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြား သည်။
မက်မန်း မဲဆန္ဒနယ်မှ ဦးတင်အေး၏ ခရိုင် သို့မဟုတ် မြို့နယ် နယ်စပ်ဒေသနှင့်  တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က    နယ်စပ်ရေးရာ ၀န်ကြီးဌာန၏ ဖွဲ့စည်းပုံကို တိုးချဲ့ပြင်ဆင် ရေးဆွဲရေး လုပ်ငန်းစဉ်ကို လုပ်ထုံလုပ်နည်းနှင့် အညီ စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြင်ဆင်ရေးဆွဲထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအသစ်တွင်လည်း ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (လားရှိုး) ကွပ်ကဲမှု အောက်၌ မက်မန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကို ထည့်သွင်း ဖွဲ့စည်းရန်လျာထား တင်ပြထားပြီး ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ခရိုင်၊ မြို့နယ်ရုံးများကို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသည့် ဒေသများအပေါ် အခြေခံ၍ ရုံးဖွင့်လှစ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း  ဖြေကြားသည်။
လေရှီး မဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်ချင်းဆက် လမ်းကို စီမံကိန်းဖြင့် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က  လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်ချင်းဆက် လမ်းအတွက် ဆောင်ရွက်ရန် လိုအပ်ချက်ရှိသည့် လုပ်ငန်းများကို နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ၅ နှစ် စီမံကိန်းတွင် ထည့်သွင်း လျာထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘဏ္ဍာနှစ် အလိုက် လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  ဖြေကြားသည်။
ဆက်လက်၍ မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်းနှင့် နန်းယွန်း မဲဆန္ဒနယ်မှ ဦးဝမ်းလှ တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး  ဗိုလ်ချုပ်သန်းထွဋ်  ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့်  ပြန်လည် ပေးပို့လာသော မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်း ကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စု ရှေ့နေ့ချုပ်ရုံးက တင်သွင်းသည့် စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ အတည် ပြုချက်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ပြင်ဆင်ချက်မရှိ အတည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ယင်းနောက်  မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ ပလတ်စတစ် အန္တရာယ် တားဆီး ကာကွယ်ရန် နေ့စဉ်စွန့်ပစ်အမှိုက်များတွင် ပါဝင်သည့် ပလတ်စတစ် ပစ္စည်းများကို သီးသန့်ဖယ်ရှား စွန့်ပစ်စေခြင်းနှင့် ပလတ်စတစ်အသုံးပြုမှု နှုန်းထားများ လျှော့ချခြင်းစသည့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သော ဒီမိုကရေစီ အခြေခံအလေ့ အကျင့် ကောင်းများကို မူဝါဒ တစ်ရပ်ရေးဆွဲပြဋ္ဌာန်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ဤလွှတ်တော်က ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း   ပလတ်စတစ်သည် ကင်ဆာရောဂါ၊ အဆုတ်ရောဂါ၊ အရေပြား ရောဂါနှင့် မွေးရာပါ ကိုယ်လက်အင်္ဂါချို့ယွင်းမှုများ ဖြစ်ပေါ် စေနိုင်ပါကြောင်း၊ အစာအိမ်နှင့် အသည်းကိုလည်း ပျက်စီးစေနိုင်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာပေါ်တွင် များစွာအန္တရာယ် များသည့် ပလပ်စတစ်သုံးစွဲမှုများကို နည်းလမ်း မျိုးစုံဖြင့် လျော့ချနေကြကြောင်းကို အဆိုရှင်မှ ထောက်ပြ သွားသည်ကို တွေ့ရပါကြောင်း၊ အမှိုက်သိမ်းသည့်စနစ် ကောင်းမွန်ရန်လိုအပ်ပါကြောင်း၊ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများကြောင့် ရေမြောင်းများ ပိတ်ဆို့ခြင်း၊ မြစ်ချောင်းအင်းအိုင်များတွင် အမှိုက်များပိတ် ဆို့နေမှုများကြောင့် ရေကြီး ရေလျှံမှုများကိုလည်း ဖြစ်ပေါ်စေပါ ကြောင်း၊ မြို့ကြီးများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ပိုမိုများပြားလာပါကြောင်း၊  ရန်ကုန်မြို့တွင်း အမှိုက်သိမ်းဆည်းရာတွင် နေ့စဉ် တန်ချိန်ပေါင်း ၁၅၀၀၀ခန့် ရှိနေပါ ကြောင်း၊ ထိုအမှိုက် များထဲတွင် ပလပ်စတစ်မျိုးစုံ ပမာဏမှာ အတိုင်းအတာ တစ်ခုအထိ ပါဝင်နေပါကြောင်း၊ အမှိုက်ခွဲခြားပစ်ရန် ဆောင်ရွက်နိုင်မှုမရှိခြင်း၊ အမှိုက် စနစ်တကျ မစွန့်ပစ်တတ်ခြင်းတို့ သည်လည်း သဘာဝ အလှတရားကို ထိခိုက်စေသကဲ့သို့ ပတ်ဝန်းကျင် ကိုလည်း ပျက်စီး စေပါကြောင်း။
ပလတ်စတစ်အသုံးပြုမှု လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ စွန့်ပစ် ပစ္စည်းများမှ ပြန်လည်ထုတ်လုပ် သုံးစွဲခြင်း   စသည့်နည်းလမ်း များဖြင့် စနစ်တကျထိန်းချုပ်ခြင်း၊ လျော့ချခြင်း အစီအမံများကို အပြောင်းအလဲ တစ်ရပ်အဖြစ် ယခုအစိုးရလက်ထက်၌ စတင်ဖော်ဆောင်ပေးလိုပါကြောင်း၊  ပြည်သူ တစ်ရပ်လုံးကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်အ၀ဖြင့် မိမိတို့ နေ့စဉ်နှင့်အမျှ စွန့်ပစ်သော ပလပ်စ တစ်နှင့်တကွ အမှိုက်သရိုက်များကို စည်းကမ်း တကျခွဲခြားစွန့်ပစ်ခြင်းဖြင့် ပါဝင်ဖော် ဆောင်ပေးသင့်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ တစ်ရပ်လုံးပါဝင်သော ဒီမိုကရေစီ အခြေခံ အလေ့အကျင့်ကောင်းများကို အခြေခံကာ ပလပ်စတစ်လျှော့ချသုံးစွဲရေး၊ စနစ်တကျစွန့်ပစ်ရေးများကို မူဝါဒတစ်ရပ်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် အဆိုကို လေးလေးနက်နက်ထောက်ခံတင်ပြပါကြောင်း ပြောကြားသည်။
အလားတူ  လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ဖာပွန် မဲဆန္ဒနယ် မှ ဦးစောထွန်းမြအောင်၊ မိုးနဲ မဲဆန္ဒနယ်မှ ဦးစိုင်းစန်သိန်းနှင့် မချမ်းဘော မဲဆန္ဒနယ်မှ ဦး နန်မွန်ထင်နှင့်  တို့က ဆွေးနွေးကြသည်။
ထို့နောက် ယင်းအဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက   စွန့်ပစ်ပစ္စည်းနှင့် ပတ်သက် သည့် အသိပညာပေး အစီအစဉ် များကို လုပ်ငန်းကော်မတီတစ်ခုဖြစ်သည့်  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာပေးရေးနှင့် အသိပညာပြန့်ပွားရေး လုပ်ငန်း ကော်မတီအနေဖြင့် လည်း ပြည်သူလူ ထုကို အသိပညာပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ကျောင်းသင်ရိုးညွှန်းတမ်းများ အဆင့်အထိ ပြင်ဆင်ပြီး ကျောင်းနေအရွယ် ကလေးငယ်များမှစ၍ အသိပညာပေးလုပ်ငန်းများကို စတင် အကောင် အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း  ဖြေကြားပြီး   ယင်းအဆိုနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း က ဆက်လက်  ဖြေကြားသည်။
ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဆိုရှင် မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းတို့က ယင်းအဆိုကို မှတ်တမ်းတင် စောင့်ကြည့်ရန် သဘောတူသဖြင့် လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ပြည်သူ့ လွှတ် တော်ဥက္ကဋ္ဌက ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၅ မြောက်နေ့ကို နိုဝင်ဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
အေးအေးသန့်

No comments:

Post a Comment