Thursday, October 26, 2017

“ASEAN+3 နိုင်ငံများရှိ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ဒေသများအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ “ASEAN+3 နိုင်ငံများရှိ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ဒေသများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ Bagan Hotel ၌ အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အာဆီယံအပေါင်း သုံးနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ ပြည်ပမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ၌ ယခုစီမံကိန်းသည် ASEAN+3 နိုင်ငံများအားလုံးနှင့် သက်ဆိုင်ပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝခြင်းနှင့် မတူကွဲပြားသော အမွေအနှစ်များအား ပိုင်ဆိုင်ကြ သည့်အတွက် ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ရေးသည် နိုင်ငံများနှင့် လူမျိုး၏ ကိုယ်ပိုင်လက္ခဏာများကို မြှင့်တင်ဖို့ အထောက်အပံ့ဖြစ်ပြီး လူသားတို့၏ ဖန်တီးတီထွင်နိုင်စွမ်းနှင့်မတူ ကွဲပြားချက် များကို မြှင့်တင်ခြင်းတို့ဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို စွမ်းဆောင်နိုင်မှာ ဖြစ်ပါကြောင်း။
အာဆီယံလူမှု-ယဉ်ကျေးမှုဆိုင်ရာ အသိုက်အဝန်း၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ ASEAN+3 နိုင်ငံ များနှင့်အတူ ဆက်သွယ်ရေးကွန်ယက်နှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ အာဆီယံ နိုင်ငံများ၏ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ၊ အနုပညာနှင့် အသုံးအဆောင်ပစ္စည်းများအား ထိန်းသိမ်း ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ ဆက်သွယ်ရေးကွန်ယက်များနှင့် ဖလှယ်ခြင်းများကို မြှင့်တင်ရန်၊ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ၊ အထူးသဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ၏ စီမံခန့်ခွဲမှုအပေါ် စိတ်ကူးများ၊ မဟာဗျူဟာများ၊ အတွေ့အကြုံများ၊ ကောင်းမွန်သောအလေ့အကျင့်များနှင့် ယဉ်ကျေး မှုဆိုင်ရာ သတင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း။
ယခုစီမံကိန်းသည် ASEAN+3 နိုင်ငံများရှိ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများအတွက် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ လိုအပ်သော ယဉ်ကျေးမှုဆိုင်ရာ သတင်းအချက်အလက်များ ထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်း၊ ကာကွယ်ခြင်းနှင့် မြှင့်တင်ခြင်းတို့အတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါကြောင်းနှင့် ASCC Blueprint တွင် ဖော်ပြထားသည့် အာဆီယံ ယဉ်ကျေးမှု အမွေအနှစ် များအား ကာကွယ်ထိန်းသိမ်း ခြင်းကို အကောင်အထည်ဖော်ဆောင် ရွက်ရန်အတွက် အမွေအနှစ်စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့် တင်ရာ တွင်လည်း ကူညီထောက်ပံ့မှုများ ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာ၌ ASEAN+3 နိုင်ငံများသည် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ဒေသများ ပေါကြွယ်ဝသည့် နိုင်ငံများဖြစ်ပြီး အမျိုးသားရေး ဆိုင်ရာ အမွေအနှစ်အမျိုးအစားအားလုံး၏ ယဉ်ကျေးမှုဆိုင်ရာ ဂုဏ်သတ္တိများမှာ ထူးခြားထင်ရှားပြီး တန်ဖိုးမဖြတ် နိုင်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ အမျိုးသားရေးဆိုင်ရာ အမွေအနှစ်များသည် လူသားတို့၏ယဉ်ကျေးမှုဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုလုံး မတူကွဲပြားမှုများနှင့် ပေါများကြွယ်ဝမှုများကို အထောက်အပံ့ပေးနေပါကြောင်း၊ ယခုအခါတွင် ကမ္ဘာတစ်ဝန်းလုံး၌ သဘာဝနှင့်လူသားတို့ကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များသည် ကမ္ဘာလုံး ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ရင်ဆိုင်ကြုံတွေ့နေရသဖြင့် အနာဂတ်မျိုးဆက်သစ်များအတွက် မိမိတို့၏ ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်များကို ကာကွယ်ရန်၊ ထိန်းသိမ်းရန်နှင့် မြှင့်တင်ရန်အလို့ငှာ အာဆီယံယဉ်ကျေးမှုဆိုင်ရာ အရာရှိ များနှင့် ASEAN+3 နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် စနစ်တကျ အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ASEAN+3 နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment