Wednesday, September 27, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၆၈)နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်






(၆၈)နှစ်မြောက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် ချီးမြှင့်သည်။

အခမ်းအနားသို့  ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့်ဇနီး၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည်သည့်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတသည် အထိမ်းအမှတ် ဧည့်ခံပွဲ  အခမ်းအနားအတွင်း ပြသ ထားသည့် (၆၈)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် မြန်မာ - တရုတ် ချစ်ကြည်ရေး ဓာတ်ပုံပြခန်းကို လှည့်လည် ကြည့်ရှုသည်။
ထို့နောက်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ နိုင်ငံတော် သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ပြီး အခမ်းအနားကို ဖွင့်လှစ်သည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေ က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ပြီးခဲ့သည့် ဆယ်စုနှစ် ၆ ခုကျော်ကာလ အတွင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူများနှင့် ခေါင်းဆောင်များ၏ မဆုတ်မနစ်သည့် ကြိုးပမ်း အားထုတ်မှုများကြောင့် ယနေ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပြည့်စုံသာယာ ဝပြောခြင်း အစရှိသည့် အောင်မြင်မှုများကို ရရှိခဲ့ပါကြောင်း၊ ယနေ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ကမ္ဘာ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံး နိုင်ငံ တစ်နိုင်ငံအဖြစ် လည်းကောင်း၊ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ် လည်းကောင်း၊ ကမ္ဘာ့အရေးကိစ္စများနှင့် ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံ အဖြစ် လည်းကောင်း ရပ်တည်လျက် ရှိပါကြောင်း၊ ပြီးခဲ့သည့် မေလအတွင်း က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနေဖြင့် ရပ်ဝန်းနှင့် လမ်းကြောင်း  နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ ခေတ်သစ် သမိုင်းတွင် ထူးခြား အောင်မြင်သည့် သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါဖိုရမ်တွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များ အတူတကွ စုဝေးတက် ရောက်ခဲ့ကြပြီး ရပ်ဝန်းနှင့် လမ်းကြောင်း မဟာ ဗျူဟာစီမံကိန်းတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရေး ကတိက၀တ်များကို ထပ်လောင်း အတည်ပြုခဲ့သည့်အပြင် တူညီသည့် အမြင်များကိုလည်း ဆွေးနွေးဖလှယ် နိုင်ခဲ့ကြပါကြောင်း၊
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင် လာခဲ့ကြသည်မှာ  ယခုနှစ်ဆိုလျှင် နှစ်ပေါင်း ၆၇ နှစ် ရှိပြီ ဖြစ်သော်လည်း နှစ်နိုင်ငံ အကြား အိမ်နီးချင်းကောင်း ပီသသည့် ချစ်ကြည် ရင်းနှီးမှုသည် သမိုင်းတစ်လျှောက်တွင် နှစ်ပေါင်း ရှည်ကြာစွာ ဖြစ်ထွန်းခဲ့ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ချိန်မှ စတင်၍ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် မြန်မာ- တရုတ်- အိန္ဒိယ သုံးနိုင်ငံတို့ အတူတကွ ရေးဆွဲ၊ ချမှတ် ကျင့်သုံးခဲ့ကြသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်နှင့်အညီ ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို ပိုမို တောင့်တင်း ခိုင်မာလာစေသကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ကျယ်ပြန့် နက်ရှိုင်းစွာ ဆောင်ရွက်ခဲ့ပါကြောင်း၊
ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ခရီးစဉ်များသည် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို  တည်ဆောက် မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည်လည်း ယခင် ကာလများထက် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို ရောက်ရှိခဲ့ပါကြောင်း၊
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု ကဏ္ဍများတွင် အကြီးမားဆုံးသော စီးပွားရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်း ထားရှိခဲ့ကြပါကြောင်း၊ ယခုကဲ့သို့ ကောင်းမွန်သည့် ဆက်ဆံရေးသည် အနာဂတ်ကာလတွင်လည်း ဆက်လက် တိုးတက် ဖြစ်ပေါ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနှင့် တရုတ် နိုင်ငံတို့သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများသာမက ကုလသမဂ္ဂအပါအ၀င် ဒေသတွင်း နှင့် နိုင်ငံတကာ မျက်နှာစာများတွင်လည်း နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် နီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုများကို  အစဉ်အမြဲ ထိန်းသိမ်း ထားရှိခဲ့ကြပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပြု သဘောဆောင်သည့် အကူအညီများနှင့် မြန်မာပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုး ကူညီလျက်ရှိသည့် အတွက် ပြည်သူများနှင့် အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ (၆၈) နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေး ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ပိုမိုတိုးတက် မြင့်မားလာစေရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား ခိုင်မာသော ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် မြင့်မားစေရေးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် သာယာဝပြောစေရေး အတွက် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ( ၆၈) နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြု ကိတ်မုန့်လှီးကြပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် တက်ရောက် လာကြသူများအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က (၆၈)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment