Thursday, August 10, 2017

ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့၏ (၂/၂၀၁၇) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း

နေပြည်တော် သြဂုတ် ၁၀
ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်း အဖွဲ့၏ (၂/၂၀၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပို့ကုန်မြှင့်တင်ရေးကိုအဓိက ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ ပို့ကုန်တိုးတက်ရန် ဈေးကွက် ရှာဖွေပြီး အလားအလာရှိသည့် ပို့ကုန်များကို တိုးချဲ့ကြိုးပမ်း ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များကို အားပေးရမည်ဖြစ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy) တွင် ပါဝင်သည့် ဆန်၊ ပဲမျိုးစုံ ဆီထွက်သီးနှံ၊ ရာဘာ အစရှိသည့် ပို့ကုန်များထုတ်လုပ်မှု နှင့် အရည်အသွေးမြှင့်တင်ရေး နည်းပညာဆိုင်ရာပံ့ပိုးမှုဖြင့် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ရေထွက်ကုန် တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ရန် ငါးမွေးမြူရေး လုပ်ငန်းအတွက် လယ်ယာမြေ သုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့လက်မှုအနုပညာ ပစ္စည်းများအား ပြည်ပတင်ပို့မှု တိုးတက်လာစေရေးကိစ္စရပ်များ၊ အမျိုးသားပို့ကုန် မဟာဗျူဟာကဏ္ဍ (၁၁) ရပ်မှ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သောကိစ္စရပ်များ၊ လိုအပ်ချက်များနှင့် ကော်ဖီ၊ လက်ဖက် ပို့ကုန်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲနှင့် ဝါး၊ ကြံ၊ သကြား ပို့ကုန်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲများမှ ဖော်ထုတ်ချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment