Thursday, August 24, 2017

မြန်မာ- အင်ဒိုနီးရှား နှစ်နိုင်ငံအကြား အကြမ်းဖက် တိုက်ဖျက်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲကျင်းပ အကြမ်းဖက်မှု တိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး



နေပြည်တော်၊ သြဂုတ် ၂၃
မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။

ယင်းစကားဝိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက သဘာပတိအဖြစ် ကြီးမှူး ဆောင်ရွက်သည်။
ဆွေးနွေးပွဲတွင် ဒေသတွင်း၌ ဘာသာရေး အစွန်းရောက်မှုနှင့် အကြမ်းဖက်မှု အန္တရာယ် မြင့်မားလာသည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အကြား အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ အဆင့်၊ ဒေသဆိုင်ရာ အဆင့်နှင့် နိုင်ငံတကာ အဆင့်တို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် နည်းလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအစိုးရဘက်မှ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး အင်ဒိုနီးရှားနိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး His Excellency Dr. Ito Sumardi၊ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး အေဂျင်စီနှင့် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှား သံရုံးတို့မှ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment