Tuesday, July 18, 2017

တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် (Y-8 F 200 W) ပျက်ကျခဲ့မှုနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတင်း ထုတ်ပြန်


နေပြည်တော် ဇူလိုင် ၁၈
 
တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် (Y-8 F 200 W) ဇွန် ၇ ရက် က ပျက်ကျခဲ့မှုနှင့် ပတ်သက်၍ Flight Data Recorder (FDR) နှင့် Cockpit Voice Recorder (CVR) တို့အား ပူးပေါင်း စုံစမ်းဖော်ထုတ်ရေး အဖွဲ့ဖြင့် အသေးစိတ် စိစစ် သုံးသပ် ဖော်ထုတ်ရာ လေယာဉ် ပျက်ကျခြင်းသည် ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ခဲ့ရပြီး lost control ဖြစ်ပေါ်ခဲ့၍ ပျက်ကျ ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ 
      
တပ်မတော်သယ်ယူ ပို့ဆောင်ရေး လေယာဉ် (Y-8 F 200 W) အမျိုးအစား၊ လေယာဉ် အမှတ်-၅၈၂၀) သည် ဇွန် ၇ ရက်တွင် မြိတ်မှ ရန်ကုန်သို့ ပျံသန်းစဉ် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က ထားဝယ်မြို့၏ အနောက်တောင်ဘက် ၄၃ မိုင်ခန့် အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ် ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှု ပြတ်တောက်သွား ခဲ့ကာ ပျောက်ဆုံးသွားသဖြင့် ယင်းနေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ တပ်မတော်(လေ)မှ လေယာဉ်များ၊ တပ်မတော်(ရေ) မှ စစ်ရေယာဉ်များ၊ ဗမြပြင် တပ်များ၊ ဒေသခံငါးဖမ်း စက်လှေများနှင့် ပြည်သူများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ဇွန် ၁၅ ရက်တွင် Black Box ဟုခေါ်သော FDR- Flight Data Recorder နှင့် CVR-Cockpit Voice Recorder တို့ ပါရှိသည့် လေယာဉ်အမြီးပိုင်းကို ရှာဖွေတွေ့ရှိ ခဲ့ကာ ယင်းလေယာဉ်အမြီးပိုင်းအား ဇွန် ၁၈ ရက် ညနေ ၃ နာရီ ခွဲတွင် မတင်ဆယ်ယူ နိုင်ခဲ့ပြီး လေယာဉ်ပျက်ရသည့် အကြောင်းအရင်းအား ဖော်ထုတ်နိုင်ရေး ဆက်လက် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ခဲ့ရာတွင် FDR နှင့် CVR တို့၏ မူလထုတ်လုပ်သည့် ကုမ္ပဏီ Original Equipment Manufacturer (OEM) မှာ တရုတ်နိုင်ငံဖြစ်ပြီး ထုတ်လုပ်သူနှင့် အသုံးပြုသူ နှစ်ဦး နှစ်ဖက်အကြား သံသယကင်းရှင်းပြီး မလိုလားသည့် ကြားခံအဖွဲ့အစည်း များ၏ သွေးထိုးမှု ရှောင်ရှား နိုင်စေရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တတိယအဖွဲ့အစည်း (Third Party) နှင့် ဖော်ထုတ်ရန် လမ်းညွှန်ချက်အရ FDR နှင့် CVR တို့မှ အချက်အလက်များ ရယူနိုင်ရန် တပ်မတော် (လေ) မှ ဗိုလ်မှူးချုပ် ထင်လင်း၊ ဒုတိယဗိုလ်မှူးကြီး ဇော်လင်းအောင်တို့ အပါအဝင် ကျွမ်းကျင် ပညာရှင်များပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့၊ (MAIB) မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မော်၊ (DDAAFS-Australia) မှ Investigator ဖြစ်သော Maj. David Andrew Wade ၊ Mr. David Hilton တို့ပါသော ကိုယ်စားလှယ်အဖွဲ့တို့ဖြင့် ပူးပေါင်းစုံစမ်း စစ်ဆေးဖော်ထုတ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့နှင့် တရုတ်နိုင်ငံ China National Aero-Technology Import & Export Corporation (CATIC) ကုမ္ပဏီမှ ကိုယ်စားလှယ် အဖွဲ့တို့သည် ဇွန် ၃၀ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

အဆိုပါပူးပေါင်း စုံစမ်းစစ်ဆေးဖော်ထုတ်ရေး အဖွဲ့သည် တရုတ်နိုင်ငံ၊ စီအန်း  (Xian) သို့ ဇူလိုင် ၅ ရက်တွင် ရောက်ရှိခဲ့ပြီး ဇူလိုင် ၆ ရက်နေ့တွင် FDR နှင့် CVR တို့မှ အချက်အလက်များကို Download ပြုလုပ်ပြီး ထိုရရှိသော အချက်အလက်များကို သမားရိုးကျ ကွန်ပျူတာ ဖြင့်ဖတ်နိုင်မည့် Readable Format အဖြစ် ပုံစံပြောင်း၍ ရရှိအချက်အလက်များအား ဇူလိုင် ၇ ရက်တွင် (OEM) ဖြစ်သည့် Aviation Industry Corporation of China (AVIC) Qianshan Avionis Co., ltd. ထံမှလွှဲပြောင်း ရယူခဲ့သည်။ ထို့ပြင် CVR မှ ရရှိသော လေယာဉ်သားများ အချင်းချင်း ဆက်သွယ်ပြောဆိုမှုများကို အကြိမ်ကြိမ်နားထောင်၍ မှတ်တမ်း တင်ခဲ့ပြီး ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ ပဏာမစိစစ် သုံးသပ် ဖော်ထုတ်ခြင်းများ အပါအဝင် အသေးစိတ်စိစစ်သုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

FDR မှတ်တမ်းများအရ ဒေသစံတော်ချိန် ၁ နာရီ ၃၂ မိနစ် ၁၈ စက္ကန့်အထိ လေယာဉ်၏ စက်အစိတ် အပိုင်းများ ချို့ယွင်းမှု မရှိကြောင်း ထို့အပြင်   FDR နှင့် CVR မှတ်တမ်းအရ မြိတ်လေဆိပ်မှ ရန်ကုန် လေဆိပ်သို့ ခရီးလမ်း တစ်လျှောက် လေတိုက်နှုန်း သည် တစ်နာရီ နော့တီကယ် ၉ မိုင်(၁၆ ဒသမ ၇ ကီလိုမီတာ)မှ ၄၄ မိုင် (၈၁ ဒသမ ၅ ကီလိုမီတာ) အထိ တဖြည်းဖြည်းအားပြင်း လာခဲ့ကြောင်း၊ လေယာဉ်၏ ဝဲ/ယာ နှစ်ဖက် စလုံးရှိ Pitot အပူပေးစနစ်ကိုဖွင့်၍ တိမ်ထုကို ထိုးဖောက်ရန် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၁ နာရီ  မိနစ် ၃၀ ၁၈ စက္ကန့်မှ ၁ နာရီ ၃၁ မိနစ် ၂၂ စက္ကန့်အထိ အချိန်တိုကာလ အတွင်း လေယာဉ်၏ အင်ဂျင်လေဝင်ပေါက် ရေခဲသည့် အချက်ပြမီးထွက်ပေါ် ခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၁ နာရီ ၃၁ မိနစ် ၅၀ စက္ကန့် မှ ၁ နာရီ ၃၂ မိနစ် ၁၀ စက္ကန့်အတွင်း လေယာဉ်၏ ဝဲဘက်ကိုယ်ထည် ခြမ်းသို့ (Cross Wind) ၉၀ ဒီဂရီတည့်တည့်မှ ခန့်မှန်းလေ တိုက်နှုန်းသည် တစ်နာရီ နော့တီကယ် ၉ မိုင်(၁၆ ဒသမ ၇ ကီလိုမီတာ)မှ ၄၈ မိုင် (၈၈ ဒသမ ၉ ကီလိုမီတာ)အထိ လေ တိုက်ခတ်မှု ခံခဲ့ရာ (Cross Wind) ကြောင့် လေယာဉ် ဦးတည်ရာ လမ်းကြောင်းမှ သွေဖည်ခြင်း (Drift Angle) မှာ ၃ ဒီဂရီမှ ၁၅ ဒသမ ၈ ဒီဂရီအထိ တိုးမြှင့်လာခဲ့ ကြောင်း၊ လေယာဉ်သည် ရုတ်ချည်းပြောင်းလဲနေသော ပုံမှန်မဟုတ်သည့် ရာသီဥတု တွင် ပျံသန်း ခဲ့ရကာ ဘေးတိုက်လေတိုက်နှုန်းမှာလည်း အရှိန်ပြင်းသည့် အနေအထားကို တွေ့ရှိရကြောင်း၊ ၎င်းအခြေအနေသည် ပုံမှန်ရှိရမည့် ပမာဏထက် stall speed ကို ပိုမိုမြင့်တက်စေသဖြင့် လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နိုင်သည့် အခြေအနေမရှိ တော့သည့် အဓိကအကြောင်းအရင်း ဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ FDR နှင့် CVR တို့မှ ရရှိသည့် အချက်အလက်များ၊ မိုးလေ၀သသတင်း ပို့ချက်များအရ လေယာဉ်မတော်တဆဖြစ်ပွားမှု ဖြစ်စဉ်သည် လေယာဉ်ပျံသန်းရာ၌ ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ရစဉ် lost control ဖြစ်ပေါ်ခဲ့မှုကြောင့် Stall  (လေယာဉ် ပင့်အား ဆုံးရှုံးမှု)ဝင်၍ Spin (လေယာဉ်ဦးစိုက်လည်ကျမှု) ဖြစ်ပေါ်ခဲ့ သည့်အတွက် စငူသအ က ထိန်းချုပ်မောင်းနှင်နိုင်သည့် အခြေအနေသို့ ပြန်လည် ရောက်ရှိခြင်းမရှိ တော့ဘဲ လေယာဉ်မတော်တဆမှုဖြစ်စဉ် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကာ ဆိုးရွားသော ရာသီ ဥတုတွင် အပေါ်စီးမှ လေဖိ၍တိုက်ခြင်း၊ အောက်မှပင့်၍ တိုက်ခြင်းနှင့် ရေခဲမှု ဖြစ်ပေါ်ခြင်းစသည့် အတိအကျ မခန့်မှန်းနိုင်သော ရာသီဥတု အခြေအနေများလည်း ပါဝင် နိုင်ကြောင်း သုံးသပ်ဖော်ထုတ် ရရှိကြောင်း သိရသည်။ 

သို့ဖြစ်ရာ ရာသီဥတုဆိုးရွားမှုနှင့် ပတ်သက်၍ Vertical Wind ၊ Downburst နှင့် Icing ဖြစ်နိုင်မှုများ ကိုပါ ထည့်သွင်းတွက်ချက်ရန် လိုအပ်ကြောင်းကို ပူးပေါင်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ Minutes of Meeting တွင် ဖော်ပြထားသဖြင့် CATIC အနေဖြင့် China National Meterologic Center မှ Three Strong Cumulonimbus Cloud အတွင်း ဝင်ရောက်ခြင်းကြောင့် အင်အားပြင်း လေပင့်အားနှင့် လေဖိအားများကို ဖြစ်ပေါ်စေသည့် လေဝဲကတော့များနှင့် ကြုံတွေ့နိုင်ခြင်း၊ လျှပ်စီး မုန်တိုင်းခံ ရနိုင်ခြင်း၊ ကြီးမား သည့် အေးခဲရေမှုန်၊ ရေခဲမှုန်များ လေယာဉ်ကိုယ်ထည်သို့ ကျရောက်ကပ်ငြိနိုင်ခြင်း၊ လေထန်ခြင်း၊ ပြင်းထန်သည့် ဆီးနှင်းမိုးရွာခြင်း အပါအဝင် အောက်သို့ အရှိန်ပြင်းထန်စွာ တိုက်ခတ်သော လေစီးကြောင်း၏ ရိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း (Downburst) စသည်ဖြင့် ကြုံတွေ့နိုင် ကြောင်းတို့အား သုံးသပ်ချက်ပေးပို့သည့် နည်းတူ CNN မှလည်း Downburst နှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်ရှိသည်ကို ကြေညာထားခဲ့ကြောင်း။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး FDR နှင့် CVR တို့အား စိစစ်ဖော်ထုတ်သည့် Australian  ပညာရှင်များ ပါဝင်သည့် Third Party  အဖွဲ့အစည်းသည် International Civil Aviation Organization(ICAO) Annex 13 နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော် သယ်ယူပို့ဆောင်ရေး (Y-8 F 200 W) လေယာဉ်ပျက်ကျရခြင်းသည် မသမာမှုတစ်ခုခုကြောင့် သော်လည်းကောင်း၊ ပေါက်ကွဲစေ တတ်သော ပစ္စည်း တစ်ခုခုကြောင့်သော် လည်းကောင်း၊ လေယာဉ်အင်ဂျင်ချို့ယွင်း ရပ်တန့်မှုကြောင့် သော် လည်းကောင်း ပျံသန်းစဉ်ပျက်ကျခဲ့ခြင်း မဟုတ်ဘဲ ဆိုးရွားသည့်ရာသီဥတု နှင့်ကြုံတွေ့ခဲ့ရပြီးနောက် lost control ဖြစ်ပေါ်ခဲ့၍ လေယာဉ်ပျက်ကျ ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။ 

(သတင်းစဉ်)

No comments:

Post a Comment