Tuesday, July 18, 2017

ပြန်ကြားရေး ၀န်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ၁၈ နေရာတွင် Community Centre များ ဖွင့်လှစ်နိုင်ရန် လျာထား ဆောင်ရွက်လျက်ရှိ



ရန်ကုန် ဇူလိုင် ၁၇
ကလေးစာဖတ်ခန်း စာကြည့်တိုက်၊ သင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမ၊ အစည်း အဝေးခန်းမ၊ အားကစား လေ့ကျင့်ရန်နေရာ၊ Youth Center များ ပါဝင်သည့် နိုင်ငံတကာနှင့်အညီ ပြည်သူများ အသိပညာပေးနိုင်မည့် လူမှုအခြေပြုဗဟိုဌာန (Community Centre)များကို ပြန်ကြားရေး ၀န်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ (၁၈)နေရာတွင် ဖွင့်လှစ်နိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ ရန်ကုန် တိုင်းဒေသကြီးခရိုင်၊ မြို့နယ် အဆင့်တို့မှ တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ရေး၊ Community Centre များ ပူးပေါင်း အကောင် အထည်ဖော်ရေးတို့ အတွက်  တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးများကို အစိုးရ အဆက်ဆက်တွင် အမည် အမျိုးမျိုးဖြင့် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကြောင်း၊ "ပြည်သူ့ ဆက်ဆံရေး" ဟု ယခင် ခေတ်ကတည်းက သုံးစွဲခဲ့ပြီး အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံရန် အမြို့မြို့ အနယ်နယ်တွင် ရုံးများ ထားရှိ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ သို့ရာတွင် အစိုးရများ၏ သဘာဝအပေါ် မူတည်ပြီး လုပ်ကိုင် ဆောင်ရွက်ပုံ ကွဲပြားခြင်းများ ရှိပါကြောင်း၊ ဒီမိုကရေစီ အစိုးရအနေဖြင့် အများပြည်သူကို အသိပေး အစီရင်ခံရန်နှင့် အများပြည်သူ အသံကို နားထောင်ရန် လိုအပ်ပါကြောင်း။
ထို့အတူ ခေတ်ကာလ လိုအပ်ချက်နှင့် လျော်ညီစွာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်ကာလစနစ်၊ ပြောင်းလဲလာသည့် အနေအထား အသုံးအဆောင် ပစ္စည်းများနှင့် အညီ ပြောင်းလဲ ဆောင်ရွက်ရမှုများ ရှိပါကြောင်း။
ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလတွင် နိုင်ငံရေးကိစ္စများ စီမံ ဆောင်ရွက်ရာတွင် အများပါဝင် ဆုံးဖြတ် ဆောင်ရွက်သည့် စနစ်ကို ပြောင်းလဲလာခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးစသည့် ယန္တရားများတွင် အများပါဝင်သည့် စနစ်ကို ကျင့်သုံးလာပါကြောင်း။
ထို့ကြောင့် နိုင်ငံရေးဖြစ်စဉ်တွင်  ပြည်သူများ ပါဝင်မှု တိုးတက်ရန် လိုပါကြောင်း၊ အများပြည်သူ တိုးတက်ပါဝင်လေ ဒီမိုကရေစီ ပီပြင်လေ ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် အတွက် နေရာတစ်ခု ဖြစ်သည့် Community Centre ဆိုသည်မှာ ရပ်ရွာအခြေပြု စုဝေးနိုင်သည့် နေရာဟု သာမန်အားဖြင့် ပြောဆိုနိုင်ပါကြောင်း၊ လူမှုအခြေပြု ဗဟိုဌာနဟု တိုက်ရိုက် ဘာသာပြန်ပြီး ယာယီ သုံးစွဲနေပါကြောင်း။
ထိုနေရာတွင် ကိုယ့်ရပ်ရွာ ကိစ္စများကို ပြောဆို ဆွေးနွေးကြသည့် နေရာမျိုး ဖြစ်လိုပါကြောင်း၊ နိုင်ငံရေး ဖြစ်စဉ်တွင်  အများပြည်သူ ပါဝင်မှု တိုးတက်စေရန် အတွက် အထောက်အကူ ပြုသည့် နေရာတစ်ခု ဖြစ်စေရန် ရည်ရွယ်ပြီး ပြည်သူ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း။
Community သည် နေရာဒေသတွင် ရှိနေသူများ ပါဝင်သည့် အ၀န်းအ၀ိုင်းတစ်ခု ဖြစ်ပြီး ၎င်းနေရာတွင် လူများ စုဝေးကြပြီး ရပ်ရွာကိစ္စနှင့် အထွထွေ အရပ်ရပ်များ ပြောဆိုကြပါကြောင်း။
Community Centre များမှ ထွက်ပေါ်လာသည့် အသံနှင့် သဘောထားများသည် ပြည်သူ့အသံများ ဖြစ်ပေါ်လာရန် လိုပါကြောင်း၊ ဒီမိုကရေစီခေတ်တွင် အောက်ခြေလူထု၏ အသံသဘောထားများက အထက်သို့ တက်ရမည် ဖြစ်ပါကြောင်း။ 
ကလေးများ၊ လူငယ်များ၊ ရပ်ရွာလူထု၊ လူကြီး၊ လူလတ် အားလုံးအတွက် ဘက်စုံ အထောက်အကူ ပြုသည့်  Centre တစ်ခုဖြစ်ရန် ဆောင်ရွက်မည် ဖြစ်ပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ စာကြည့်တိုက်နှင့်  ရုံးခန်းရှိသည့် အဆောက်အအုံကို အခြားအဖွဲ့အစည်းများနှင့် ဆက်စပ်ပြီး Community Centre ဖြစ်လာစေရန်  စတင် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် တွဲဖက်ပြီး နတ်မောက်၊ မြောင်းမြ၊ အင်းစိန်၊ ပျဉ်းမနားတို့တွင် မူလရှိသည်များကို ပြင်ဆင်ပြီး Community Centre ကဲ့သို့ဖြစ်လာရန် အနယ်နယ် အရပ်ရပ်က စာကြည့် တိုက်များကို Community Library အသွင်ပြောင်းနိုင်ရန် ဆောင်ရွက်နေကြောင်း၊  Community ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုသော ရည်ရွယ်ချက်နှင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ Community Centre နှင့်  Community Library တွဲထားပြီး ၎င်းနှစ်ခု၏ အကျိုး သက်ရောက်မှုသည် ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရန် ဖြစ်ပါကြောင်း၊ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှုနှင့် တစ်ပြိုင်တည်းမှာပင်  ရပ်ရွာအရေးကိစ္စကို နှီးနှော ဆွေးနွေးရန် အဓိက ထားပါကြောင်း။
ရပ်ရွာကိစ္စများကို သက်ဆိုင်ရာ ရပ်ရွာရှိလူများက ဆွေးနွေး တိုင်ပင်ကြပြီး ဖြစ်သင့် ဖြစ်ထိုက်သည့် စည်းမျဉ်း၊ စည်းကမ်းများ ဖြစ်လာမည် ဆိုလျှင် မိမိတို့ မြန်မာလူ့အဖွဲ့ အစည်းသည် ပိုပြီး နေချင့်စဖွယ် ဖြစ်သော  ပိုပြီး ဒီမိုကရေစီ နည်းကျသည့် လူ့အဖွဲ့ အစည်း ဖြစ်လာမည်ဟု  မြင်ပါကြောင်း။
Community Centre သည် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးက စာကြည့်တိုက်နှင့် ရုံးခန်းကို ခေတ်မီ တိုးတက်အောင် အဆင့်မြင့်တင်မှု သက်သက်သာ မဟုတ်ဘဲ ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်စဉ်အတွက် အထောက် အကူပြုနိုင်သည့် နေရာဌာန တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ နေရာဌာနကို ခင်းကျင်း ပြင်ဆင်ထားမှု မဟုတ်ဘဲ ရပ်ရွာ ကိစ္စနှင့် လူငယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သုံးစွဲကြမည် ဆိုလျှင်  Community Centre သည် ရပ်ရွာအတွက် အကျိုးကျေးဇူးပြုသော၊  အထောက် အကူပြုသော နေရာတစ်ခု ဖြစ်လာမည့် အပြင် မြန်မာ လူ့အဖွဲ့အစည်းကလည်း ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အထောက် အကူပြုသည့်  အဖွဲ့အစည်းတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က ဆွေးနွေး ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက Community Centre များ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ တက်ရောက် လာသည့် လွှတ်တော် ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးကြသည်။
ဆွေးနွေးချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၄၃၄ ရုံးရှိရာ Community Centre ကို မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ ၊ ဟားခါး၊ စစ်ကိုင်း ၊ ထားဝယ်၊ ပြည်၊ မကွေး၊ မော်လမြိုင်၊ စစ်တွေ၊ မန္တလေး၊ မိတ္ထီလာ၊ တောင်ကြီး၊ လားရှိုး၊ ပုသိမ်၊ သင်္ဃန်းကျွန်း၊ ဗဟန်း၊ လှိုင်မြို့နယ်တို့တွင် ဖွင့်လှစ်ရန် လျာထား ဆောင်ရွက်လျက် ရှိပြီး ဇူလိုင် ၁၆ ရက်က မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်ခဲ့သည်။
ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ သင့်တော်သည့် နေရာဒေသများတွင်လည်း ထပ်မံဖွင့်လှစ်ရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment