Tuesday, July 18, 2017

ကမ္ဘာ့ဒီမိုကရေစီနေ့ အထိမ်းအမှတ် ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ကျင်းပမည်


ရန်ကုန် ဇူလိုင် ၁၈
 
ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်တွင်  ဇာတ်ကား ၅ ကား ပါဝင်ပြသနိုင်ရေး၊ ပြသမည့် ရုပ်ရှင်ဇာတ်ကားများသည် ခေတ်ကာလ အခြေအနေနှင့် သင့်လျော်ကိုက်ညီမှု ရှိရေး၊ ရုပ်ရှင်ရုံများအလိုက် ရုပ်ရှင်ဇာတ်ကားများ ပြသနိုင်မည့် အချိန်များကို ကြိုတင်ညှိနှိုင်း သတ်မှတ်ရေး၊ ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ပြဇာတ် ကပြဖျော်ဖြေမှု အပါအ၀င် စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပရေးတို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ပန်းချီစိုးမိုးနှင့်ဦးအောင်လွင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း၊ ရုံတင်ပြသညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်း၊ Forever Group Co., Ltd. နှင့် JCGV ရုပ်ရှင်ရုံအုပ်စု (ရွှေတောင် ကုမ္ပဏီလီမိတက်) တို့မှ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် တက်ရောက်လာကြသူများက ရုပ်ရှင်ပွဲတော် ကျင်းပမည့် နေရာ သတ်မှတ်ရေး၊ ပြသမည့် ဇာတ်ကားများ၊ ရုပ်ရှင်ပွဲတော်သီချင်းနှင့် Logo သတ်မှတ်ရေး စသည်ဖြင့် အကြံပြု ဆွေးနွေးတင်ပြကြသည်။

အဆိုပါ တင်ပြချက်များအပေါ် ပြည်ထောင်စု ၀န်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ကို လာမည့် စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ရက်များအတွင်း ရုပ်ရှင်ဇာတ်ကား ၅ ကားကို   ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ် စသည့် မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးများရှိ ရုပ်ရှင်ရုံများတွင် တစ်ပြိုင်တည်း   ပြသသွားမည်ဖြစ်သည်။

ပွဲတော်ရက်များအတွင်း  ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ  အမျိုးသား ကဇာတ်ရုံများတွင် ဖျော်ဖြေရေး အစီအစဉ်အဖြစ် ပြဇာတ်များနှင့် အငြိမ့်ပွဲများ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment