Saturday, July 22, 2017

မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အငြိမ့်ပြိုင်ပွဲများ၊ ပဒေသာကပွဲများတွဲဖက် ကျင်းပသွားမည်

ရန်ကုန် ဇူလိုင် ၂၂
မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖျော်ဖြေရေး အနေဖြင့် အငြိမ့်ပြိုင်ပွဲများတွဲဖက်၍ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ကျင်းပ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ယနေ့ ညနေပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်သည်။
အစည်းအဝေးတွင် ဒါရိုက်တာသူရ (ခ) ဦးဇာဂနာက အငြိမ့်ပြိုင်ပွဲများကို မန္တလေးမြို့သာမက ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘိုစသဖြင့် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ကို ရန်ကုန်သာမက မော်လမြိုင်၊ ပုသိမ်၊ ပြည် စသဖြင့်  ဖိတ်ကြားရန် စီစဉ်ထားကြောင်းနှင့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သြဂုတ် ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် တစ်ပြိုင်တည်း ပဏာမလူရွေးချယ် သွားမည်ဖြစ်ပြီး အထက်မြန်မာ ပြည်အတွက် သုံးဖွဲ့နှင့် အောက်မြန်မာပြည်အတွက် သုံးဖွဲ့ စုစုပေါင်း ခြောက်ဖွဲ့ ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့်တက်လာသည့် အဖွဲ့များမှ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု သုံးဆုအပြင် အကောင်းဆုံး လူရွှင်တော်၊ အကောင်းဆုံးမင်းသမီး၊ အကောင်းဆုံးဆိုင်းအဖွဲ့နှင့် ပရိတ်သတ်ရွေးချယ်သည့် အကောင်းဆုံးအဖွဲ့ဆု စသဖြင့် ဆု (၁၀) ဆုချီးမြှင့်ရန် လျာထားကြောင်း ပြောကြားသည်။ 
ထို့နောက် မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော်တွင် အငြိမ့်ပြိုင်ပွဲနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတပဒေသာကပွဲဖြစ်မြောက်ရေး တာဝန်ခံဒါရိုက်တာ မောင်သီက အငြိမ့်ပြိုင်ပွဲနှင့် စပ်လျဉ်း၍ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သော သီချင်းနှင့်ပြက်လုံးများ ဖြစ်ရမည်။ ဘာသာရေး၊ တိုင်းရင်းသားရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေးကို ထိခိုက်စေသော ပြက်လုံး၊ အပြောအဆို၊ အပြုအမူများမပါစေရ။ တစ်ဖွဲ့တွင် မင်းသမီးတစ်ဦးနှင့် လူရွှင်တော်သုံးဦးမှငါးဦးအထိ ပါဝင်ရန်စသဖြင့် ပြိုင်ပွဲအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ အမှတ်ပေးစည်းမျဉ်းများကို ဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသူများက မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment