Tuesday, July 18, 2017

မြစ်ကူးတံတားကြီးများ တည်ဆောက်ခြင်းကြောင့် မြစ်ရေလမ်းကြောင်း ပြောင်းလဲမှုနှင့် မြစ်ကမ်းပါး ရေတိုက်စားပြိုကျခြင်း အကျိုးသက်ရောက်မှု စာတမ်းဖတ်ကြား ဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် ဇူလိုင် ၁၈
 
ယခင်က တံတားကြီးများ မတည်ဆောက်မီ ဖြစ်နိုင်စွမ်းအခြေအနေ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေ၊ ဇလဗေဒနှင့် မြစ်ချောင်းများ၏ အခြေအနေကို ပြည့်စုံစွာ ထည့်သွင်းမှု အားနည်းခဲ့သည့် အတွက် ရာသီဥတု ပြောင်းလဲခြင်းနှင့် မြစ်ချောင်း၏ သဘော သဘာဝ ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ အကျိုးဆက်များ ခံစားမှု တွေ့ရှိခဲ့ရပါကြောင်း၊ နောင်တည်ဆောက်မည့် တံတားကြီး များကို အချိန်ယူကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရန် လေ့လာဆန်းစစ်မှုများ ပြည့်စုံစွာ ပြုလုပ်ခြင်း၊ ပုံစံထုတ်ခြင်းနှင့် တည်ဆောက်မှု နည်းစနစ်များတွင် အကောင်းဆုံး ရလဒ်များ ရရှိစေရန် ယနေ့ ဆွေးနွေးပွဲမှ မီးမောင်းထိုးပြခြင်း ဖြစ်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
 
ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်သည့် မြစ်ကူး တံတားကြီးများ တည်ဆောက်ခြင်းကြောင့် မြစ်ရေလမ်းကြောင်း ပြောင်းလဲမှုနှင့် မြစ်ကမ်းပါး ရေတိုက်စားပြိုကျခြင်း အကျိုးသက်ရောက်မှု စာတမ်းဖတ်ကြား ဆွေးနွေးပွဲ အဖွင့်အမှာစကားတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် QMS (Quality Management System) ဖြင့် ဆောင်ရွက် လျက် ရှိရာ လမ်း၊ တံတားများ၏ အရည်အသွေး စံချိန်စံညွှန်း အား နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေးအတွက် ရှုထောင့်ပေါင်းစုံမှ ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ အချိန်သည် သဘာဝ ဘေးအန္တရာယ်များ ပိုမို များပြားလာသည့်အတွက် လက်ရှိကျန်နေသေးသော သစ်သား တံတားများ၊ ဘေလီ တံတားများနေရာတွင် သဘာဝေ ဘးအန္တရာယ် ဒဏ်ခံနိုင်သည့် တံတားများအဖြစ် ပြောင်းလဲ တည်ဆောက်မည် ဖြစ်ပါကြောင်းဖြင့်လည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝှမ်းလုံး လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် နေရာများတွင် မြစ်ကူးချောင်းကူ တံတားကြီး၊ တံတားငယ်များ တည်ဆောက် ခဲ့ရာ မြန်မာနိုင်ငံ တစ်ဝန်းတွင် တည်ဆောက်ပြီး ပေ (၁၈၀) နှင့် အထက် တံတား အစင်းပေါင်း (၅၀၀) ကျော် ရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲ သိရှိရသည်။        

အဆိုပါ ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်ဇင် မောင်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ချာလီသန်းနှင့် ကောင်စီဝင်များ၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးစိုးမြင့်၊ ပညာရှင် များနှင့် စာတမ်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)



No comments:

Post a Comment