Monday, July 17, 2017

ခန္တီးမြို့နယ် ရေဘေးသင့်ကျေးရွာ (၆)ရွာမှ အိမ်ထောင်စု (၂၄၁)စုနှင့် ဆရာမ(၆)ဦးအတွက် အစားအစာ ထောက်ပံ့ပစ္စည်း မျိုးစုံနှင့် ထောက်ပံ့ငွေ ၂၄၇၀၀၀၀ ကျပ် ပေးအပ်လှူဒါန်း



ခန္တီး ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကံဇာမုံ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်၊ တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ခန္တီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ တာဝန်ရှိသူများ  ပူးပေါင်းပါဝင်သောအဖွဲ့သည် ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့သောကြောင့် ရေဘေးသင့်ခဲ့သည့်
ခန္တီးမြို့နယ်အတွင်း ကျေးရွာ (၆)ရွာမှ အိမ်ထောင်စ (၂၄၁)စုနှင့် ဆရာမ (၆)ဦးတို့အတွက် အစားအစာထောက်ပံ့ပစ္စည်းမျိုးစုံနှင့် ထောက်ပံ့ငွေ (၂၄၇၀၀၀၀) ကျပ်ကို ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီမှ ညနေ ၄နာရီအထိ ရေဘေးသင့်ကျေးရွာများသို့ ကွင်းဆင်းသွားရောက်ကာ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ခန္တီးမြို့နယ်၌ ရေဘေးသင့်သည့်ကျေးရွာများမှာ နန်ဖာကျေးရွာရှိ အိမ်ထောင်စု( ၃၆ )စု နှင့်  ဆရာမခြောက်ဦးတို့အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းနှင့် စုစုပေါင်း ငွေကျပ်(၄၀၀၀၀၀)နှင့် တစ်အိမ်ထောင်စုလျှင် ဆန် (၅)ပြည်၊ ဆီ(၅၀)ကျပ်သား တစ်ဗူး၊ ဆား(၅၀)ကျပ်သားတစ်ထုတ်၊ ရေသန့်ဆေးထုတ်များ၊ ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်များအားလည်းကောင်း၊ ရွှေမြင့်မိုရ်ကျေးရွာရှိ အိမ်ထောင်စု(၄၁)စု၊ မှန်ပင်ကျေးရွာရှိ အိမ်ထောင်စု (၉)စု၊ ကင်တော်ကျေးရွာရှိ အိမ်ထောင်စု (၁၇)စု၊ ကချင်စုကျေးရွာရှိ အိမ်ထောင်စု(၁၃)စု၊ ဆင်သေကျေးရွာရှိအိမ်ထောင်စု(၁၂၅)စု၊ စုစုပေါင်း အိမ်ထောင်စု (၂၀၅)စုတို့အားလည်းကောင်း၊ အလားတူ တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေ (၁၉၆၀၀၀၀) ကျပ်နှင့် ချက်ပြုတ်စားသောက်စရာမျိုးစုံကိုလည်းကောင်း၊ စုစုပေါင်းကျေးရွာ (၆)ရွာမှ အိမ်ထောင်စုပေါင်း (၂၄၁)စုနှင့် ဆရာမ (၆)ဦးတို့အတွက် ထောက်ပံ့ငွေ (၂၄၇၀၀၀၀)ကျပ်နှင့် ဆန်၊ဆီ၊ဆား၊ခေါက်ဆွဲခြောက်နှင့် ရေသန့်ဗူးများကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
တိုင်းဒေသကြီး ဝန်ကြီးများနှင့် ပူပေါင်းပါဝင်သောအဖွဲ့သည် ခန္တီးမြို့နယ် အတွင်းရှိ ရေဘေးသင့်ကျေးရွာ (၆)ရွာမှ ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ပေးအပ်ပြီး ဒေသခံများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ရေကျသွားပြီးနောက် ဖြစ်ပွားတတ်သော ရောဂါများ အန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ရှင်းလင်းဟောပြောအသိပညာပေးခြင်း၊ ဒေသခံများ၏ ပညာရေး၊ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှုရေးအခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခု လက်ရှိ ခန္တီးမြို့ရှိ ချင်းတွင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်အောက် ကျသွားပြီဖြစ်၍ အများပြည်သူ ရေလမ်းအသုံးပြုနိုင်ရေးအတွက် အမြန်ရေယာဉ်လိုင်းများကို ဇူလိုင် ၇ ရက်နေ့မှ စတင်ပိတ်ထား ခဲ့သော်လည်း ယနေ့ ဇူလိုင် ၁၇ ရက်နေ့ နံနက် ၇ နာရီမှ စတင်ပြီး ခန္တီး-ဟုမ္မလင်း-မုံရွာ အမြန်ယာဉ်များ ပြေးဆွဲနေပြီဖြစ်ကြောင်း ဒေသခံ ခရီးသွားပြည်သူတစ်ဦးထံမှ သတင်းရရှိသည်။
ထွန်းကိုကို(ယင်းမာပင်)

No comments:

Post a Comment