Monday, July 24, 2017

ချောင်းရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သော ဘေလီတံတားများပြန်လည် တည်ဆောက်ပြီးသဖြင့် မော်တော်ယာဉ် များ ပုံမှန်သွား လာနိုင်ပြီဖြစ်



 လေရှီး ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်သို့  ဆက်သွယ်ဖောက်လုပ်ထားသော ထမံသီ-လေရှီးကားလမ်း မိုင်တိုင်အမှတ် (၂၈/ဝ)ရှိ အရှည် (၈ဝ)ပေရှိ သံဘောင်ဘေလီတံတားအား ပြန်လည်တည်ဆောက်ပြီးဖြစ်သဖြင့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသော ထမံသီ-လေရှီးလမ်းပိုင်းသည် မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများပျက်စီးခြင်း၊  ချောင်းရေတိုက်စားမှုကြောင့် တံတားများ ပျက်စီးမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသဖြင့် နာဂဦးစီးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ လမ်းဦးစီး ဌာနတို့မှ  ဆက်သွယ်သွားလာမှုအမြန်ပြန်လည်ကောင်းမွန်ရေးအတွက် လုပ်ဆောင်ပေးလျက်ရှိကြောင်း  သိရသည်။
''ပြီးခဲ့တဲ့မေလကုန်ပိုင်းက မိုးရွာလို့ပျက်စီးခဲ့တဲ့ လမ်းပိုင်းတွေပြင်ဆင်ခြင်း၊ ပျက်စီးခဲ့တဲ့ တံတားတွေ ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းတွေကို အမြန်လုပ်ဆောင်ခဲ့တယ်၊ သစ်သားတံတားတွေက အရင်ဆုံးပြီးအောင် တည်ဆောက်နိုင်ခဲ့တယ်၊ သံဘောင်ဘေလီတံတားကတော့ အခုလ(၁၅)ရက်နေ့ကပြီးစီးသွားပါပြီ ဒီတံတား ပြန်လည် တည်ဆောက်ပြီးစီးခဲ့တဲ့အတွက် မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေ ပုံမှန်ပြန်လည်သွားလာနိုင်ပါပြီ'' ဟု မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစိုးညွန့်ဦးက ပြောသည်။
ထမံသီ-လေရှီးလမ်းပိုင်းတွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော မိုင်တိုင်အမှတ် (၂၁/၆)ရှိ တံတားအမှတ် (၁/၂၂)နေရာတွင် ဘေလီတံတားအဖြစ်လည်းကောင်း မိုင်တိုင်အမှတ်(၂၈/ဝ)ရှိ တံတား အမှတ် (၂/၂၉)နေရာတွင် အရှည်(၈ဝ)ပေရှိ သံဘောင်ဘေလီတံတားအဖြစ်လည်းကောင်း ပြန်လည် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်း မေလ(၃ဝ)ရက်နေ့နံနက်ပိုင်းမှ (၃၁)ရက်နေ့ နံနက်ပိုင်းအထိ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ထမံသီ-လေရှီးလမ်းတွင် တံတားအရှည် (၆၆)ပေအရှည်ရှိ အောင်ဇေယျသစ်သားတံတား၊ အရှည်ပေ(၈ဝ)ရှိ သစ်သားတံတား(၁)စင်း တို့ ရေမျောပျက်စီးခြင်း၊ သစ်ပင် ပျိုးလဲမှုကြောင့် ကွန်ကရစ်တံတားတစ်စင်းတွင် အရှည်(၂ဝ)ရှိကွန်ကရစ် လက်ရမ်းပျက်စီးခြင်း၊ တံတား ကမ်းကပ်ခုံရေတိုက်စားပျက်စီးခြင်း၊ လမ်းများပေါ်သို့ကျောက်တုံးများ၊ မြေသားပျိုကြပျက်စီးခြင်းများ ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment