Friday, July 7, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး(၂၆)ရက်မြောက်နေ့ ကျင်းပ



နေပြည်တော် ဇူလိုင်  

ယခုအချိန်အထိ သီလ၀ါ အထူးစီးပွားရေးဇုန်(A)မှ အိမ်ထောင်စု ၆၈ စုကို ပြန်လည် နေရာချထား ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဇုန်(B) ဧရိယာ(၂-၁)နှင့် ဧရိယာ(၂-၂)အရှေ့မှ ပြန်လည် နေရာချထားရမည့် အိမ်ထောင် စုပေါင်း ၉၁ ခုအတွက် ပြင်ဆင်လျက်ရှိပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၆) ရက်မြောက်နေ့တွင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ သီလဝါ အထူးစီးပွားရေးဇုန် အတွင်းမှ ပြောင်းရွှေ့ခံတောင်သူများ ပြန်လည်နေရာ ချထားရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် သီလဝါ အထူးစီးပွားရေးဇုန်အတွင်းမှ ပြောင်းရွှေ့ပေးရသူနှင့် မြေယာလျော်ကြေး ပေးအပ်ပြီးသူ မည်မျှရှိသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ထိုသို့ ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒုတိယ၀န်ကြီး ဦးအောင်ထူးက လျော်ကြေး ပေးအပ်ပြီးသူ ၁၄၃ ဦးရှိပါကြောင်း၊ သီလ၀ါ အထူး စီးပွားရေးဇုန်(A)အတွင်းမှ ပြောင်းရွှေ့ရသူများကို ကျောက်တန်းမြို့နယ် မြိုင် သာယာ ၃ ရပ်ကွက်ရှိ (၂၅ ပေ x ပေ ၅၀) အကျယ် မြေကွက်ပေါ်တွင် ပြန်လည်နေရာ ချထားပေးခဲ့ပြီး ငွေကျပ် ၂၅ သိန်းတန်အိမ်များ အစားထိုး ဆောက်လုပ်ပေးခဲ့ပါကြောင်း။

ပြောင်းရွှေ့နေရာ ချထားသူများထဲမှ အသက်မွေးဝမ်းကျောင်း ပြောင်းလဲလုပ်ကိုင်သူများ အတွက် စက်ပြင် သင်တန်း၊ ကားမောင်းသင်တန်း၊ လျှပ်စစ်ပစ္စည်း ပြုပြင်သင်တန်း၊ အစားအသောက် ထုတ်လုပ်ရေးသင်တန်း၊ စက်ချုပ်သင်တန်း၊ ပရိဘောဂပြုလုပ်သည့် သင်တန်း၊ ကွန်ပျူ တာသင်တန်း၊ ဂျပန်စာသင်တန်း၊ မှိုစိုက်ပျိုး နည်းသင်တန်း စသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများအား ၎င်းတို့၏ဆန္ဒနှင့်အညီ တက်ရောက် သင်ယူနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

အလုပ်အကိုင် ရှာဖွေပေးခြင်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအထိ အထူး စီးပွားရေးဇုန် အတွင်းရှိ စက်ရုံများတွင်လည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် များတွင် လည်းကောင်း ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ထို့ပြင် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် သိန်း ၃၀ အား Cash Assistance အဖြစ် ပေးအပ် ခဲ့ပါကြောင်း၊ ရပ်ရွာဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ငွေကျပ် သိန်း ၄၀၀ ကိုလည်း ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း၊ ပြောင်းရွှေ့နေရာ ချထားခံ ရသူများ စိုက်ပျိုးရေး ပြုလုပ်နိုင်ရန်အတွက် မြေ ၃ ဧကကို ရပ်ရွာပိုင်မြေအဖြစ် ပေးအပ်ရန် စီစဉ်ထားပါကြောင်း ဖြေကြားသည်။

ဆက်လက်၍ မေးခွန်းရှင် ဒေါ်အေးမြမြမျိုးက ဆက်စပ် မေးခွန်းအဖြစ် သီလ၀ါ အထူး စီးပွားရေးဇုန်နှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသည့် အငြင်းပွားမှုနှင့် ပဋိပက္ခများကို လွတ်လပ်သည့် ကော်မရှင်တစ်ခု ဖွဲ့စည်းပြီး ပြန်လည်စိစစ်ပေးရန် ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းရာ ဒုတိယ၀န်ကြီး ဦးအောင်ထူးက သီလ၀ါ အထူး စီးပွားရေးဇုန်၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့် ပတ်သက်၍ တိုင်ကြားမှုများရှိလာသည့်အတွက် မလိုလားအပ်သည့် ပြဿနာများ လျှော့ချ နိုင်ရန် ကွင်းဆင်း စစ်ဆေးခဲ့ပါကြောင်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော်မှု မရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မြေသိမ်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်မှု မရှိခြင်းဆိုသည့် တိုင်ကြားချက်များသည် လက်တွေ့ ကွင်းဆင်းစစ်ဆေးရာတွင် မှန်ကန်မှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊ အချို့ကိစ္စများမှာ မပြီးဆုံးသေးသည့် ဆောင်ရွက်ဆဲ လုပ်ငန်းများဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ သီလ၀ါအထူး စီးပွားရေး ဇုန်(A)တွင် နေထိုင်ခဲ့သူများသည် ဇုန်(B) ပြန်လည်နေရာချထားမှု လုပ်ငန်းများတွင် ပါဝင်စွက်ဖက်ခွင့် မရရှိသည့် အတွက် မကျေနပ်ဘဲ တိုင်ကြားမှုများ ရှိနေခြင်းဖြစ်သည်ဟု စိစစ် တွေ့ရှိရကြောင်း ရှင်းလင်း ဖြေကြားခဲ့သည်။

ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၏ ငပုတောမြို့နယ်ရှိ ပင်လယ်နှင့် နီးစပ်ပြီး မုန်တိုင်း အန္တရာယ် ကျရောက်လေ့ ရှိသော ကျေးရွာများအတွက် မုန်တိုင်းဒဏ်ခံ အဆောက်အဦ (Cyclone Shelter) များ ထပ်မံဆောက်လုပ်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တွင် နာဂစ်အပြီး Cyclone Shelter များတည် ဆောက်ခဲ့ရာ ၂၀၁၇ ခုနှစ်  ဇွန်လအထိ Shelter (၁၄)လုံး တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ ငပုတောမြို့နယ်ရှိ ကျေးရွာများသည် သဘာဝ ဘေးအန္တရာယ်ကျရောက်လျှင် ထိခိုက်မှုများ သောဒေသဖြစ်ခြင်း၊ လူဦးရေနှင့် Cyclone Shelter အရေအတွက် မမျှတခြင်း၊ သဘာဝ ဘေးကြောင့် အသက်ဆုံးရှုံးမှု မရှိအောင် အသင့်ပြင်ဆင်ထားရှိရာတွင် Cyclone Shelter ဆောက်လုပ် ထားခြင်းသည်ထိရောက်မှုရှိခြင်း၊ ဒေသအတွက် ဘက်စုံအသုံးပြု၍ ရခြင်းတို့ကြောင့် ထပ်မံ၍ Cyclone Shelter (၉)လုံးကို ငရုတ်ကောင်းကျေးရွာ ရပ်ကွက်(၁)၊ နတ်မော် ကျေးရွာ၊ ကွင်းဘက်ကျေးရွာ၊ ဟိုင်းကြီးကျွန်း အပိုင်း ဆီလောင်ကျေးရွာ၊ ရေသိုးကျေးရွာ၊ ဟဲလက်ကျေးရွာ၊ ခမောက်မော်ကျေးရွာ၊ ကံချိုင်ကျေးရွာနှင့် ဇီးချိုင်ကျေးရွာများတွင် ဆောက် လုပ်ရန် စီစဉ်ပြီးဖြစ်ပါကြောင်း၊ ယင်း Cyclone Shelter (၉)လုံး ဆောက်လုပ်နိုင်ရေးအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဆောက်လုပ်ပေးရန် စီစဉ်ပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ မောက်မယ်မဲန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီနှင့် စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်းတို့၏ ကျောက်ဖြူ အထူးစီးပွားရေးဇုန် လုပ်ငန်း စတင်မည့် အချိန်နှင့် လုပ်ငန်းစတင်ရန် မည်သည့် အစီအမံများ ပြုလုပ်နေသည်ကို ဒေသခံများအား ရှင်းပြပေးရေး၊ ကဒူးကြီးဒေသမှ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်လာကြသူများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ၎င်းတို့ဘ၀လုံခြုံရေးအတွက် ကူညီဖြေရှင်းပေးရေး၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကြားစခန်းများတွင် အမြဲတမ်းဝန်ထမ်း ခန့်အပ်ပေးရေး၊  စစ်ကိုင်းမြို့ရှောင်လမ်း ဖောက်လုပ်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းတို့က ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့်  ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တင်သွင်းသည့် “ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။ 

ကျော်သူထက်၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment