Thursday, June 29, 2017

အလုပ်သမား၊ အလုပ်အကိုင်နှင့် စပ်လျဉ်းသော တစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြိတ် ဇွန် ၂၉
မြိတ်ခရိုင်အတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားများ အနေဖြင့် ၄င်းတို့၏ အလုပ်သမား၊ အလုပ်အကိုင်နှင့် စပ်လျဉ်းသော အသိပညာများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ တစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲအား UMFCCI နှင့် ILO အဖွဲ့တို့ ပူးပေါင်း၍ ဇွန်လ(၂၈)ရက် နံနက်(၉)နာရီက မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲအား မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌဦးထွန်းထွန်းဝင်းက အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)မှ သင်တန်းနှင့် သုတေသနအရာရှိ ဒေါ်စောနှင်းဆွေနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)မှ နော်ကယ်ရယ်ဟိန်းတို့က အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်များ ဆွေးနွေးပြောကြားခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအလုပ်သမားရေးရာ ဥပဒေများ၊ အလုပ်သမားရေးရာ အငြင်းပွားမှုပုံစံနှင့်ဖြေရှင်းပုံများ၊ လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှု၊ လုပ်ငန်းခွင်ဆိုင်ရာအငြင်းပွားမှု၏ သွင်ပြင်လက္ခဏာများ၊ လုပ်ငန်းခွင်ဆိုင်ရာအငြင်းပွားမှု ဖြစ်ပွားရသော အကြောင်းအရင်းများ၊ အငြင်းပွားမှုဖြေရှင်းနည်းအမျိုးမျိုး စသည်တို့ကို ဆွေးနွေးခဲ့ကြရာ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဝင်များ၊ ညီနောင်အသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြိတ် (ပြန်/ဆက်)

No comments:

Post a Comment