Tuesday, June 13, 2017

ပုဂံညောင်ဦးမြို့တွင် အမှိုက် စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် စနစ်ကျသော အမှိုက်သိမ်းစနစ် ဆောင်ရွက်ထားမှုကြောင့် ပြည်သူများ အဆင်ပြေလျက်ရှိ

ညောင်ဦး ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အထူးသန့်ရှင်းရေးမြို့အဖြစ် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတို့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်လျက်ရှိရာ အမှိုက်စနစ် တကျ စွန့်ပစ်နိုင်ရေး၊ အမှိုက်သိမ်းစနစ် ကောင်းမွန်စေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ညောင်ဦးမြို့ သန့်ရှင်းသာယာလှပရေးအဖွဲ့နှင့် ပုဂံမြို့သန့်ရှင်းသာယာလှပရေးအဖွဲ့ တို့ကိုဖွဲ့စည်းကာ စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် အမှိုက်သိမ်းစနစ် အလျဉ်မီစွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စည်ပင် သာယာရေးကော်မတီက ညောင်ဦးမြို့ပေါ်ရှိ ရပ်ကွက်(၇)ရပ်ကွက်အတွက် ကား (၇)စီး၊ ယာဉ်မောင်း (၇)ဦး၊ သန့်ရှင်းရေးလုပ်သား (၁၄)ဦး၊ ပုဂံမြို့ပေါ်ရှိ ရပ်ကွက် (၃)ရပ်ကွက်အတွက် ကား (၃)စီး၊ ယာဉ်မောင်း (၃)ဦး၊ သန့်ရှင်းရေးလုပ်သား (၆)ဦးတို့ဖြင့် သိမ်းဆည်းခြင်းလုပ်ငန်းကို မေလ ၇ ရက်နေ့မှစတင်၍ ဆောင်ရွက်စေခဲ့ရာ ထိရောက်အောင်မြင်မှုရှိပြီး ရပ်ကွက်များမှ ပြည်သူများလည်း အမှိုက်စနစ်တကျ စွန့်ပစ်ရသောကြောင့် သန့်ရှင်းရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယင်းရပ်ကွက်များမှ လူနေအိမ်များသည့် ရပ်ကွက်ကြီးများကို အမှိုက်သိမ်းကားအကြီးများဖြင့် လည်းကောင်း၊ ရပ်ကွက်အသေးများကို ထော်လာဂျီများဖြင့်လည်း အမှိုက်သိမ်းရန် စေလွှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အမှိုက်သိမ်းခြင်းလုပ်ငန်းကို တနင်္လာနေ့မှ သောကြာနေ့အထိ ဆောင်ရွက်ပြီး စနေနေ့တွင် ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်းဆောင်ရွက်ကြောင်း၊ တနင်္ဂနွေနေ့အား အလုပ်သမား များအတွက် နားရက်အဖြစ် သတ်မှတ်ထားကြောင်း၊ ရပ်ကွက်များအတွင်း အမှိုက်သိမ်းစနစ် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်များအလိုက် စီမံခန့်ခွဲ၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
“ညောင်ဦးနဲ့ပုဂံ သန့်ရှင်းသာယာလှပရေးအဖွဲ့ကို စိတ်ပါဝင်စားတဲ့သူတွေ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ ဖွဲ့စည်းထားပါတယ်၊ ဒီအဖွဲ့တွေနဲ့ တစ်လတစ်ကြိမ် တွေ့ဆုံပြီး အမှိုက်သိမ်းစနစ်ရဲ့ လိုအပ်ချက်တွေ၊ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ပူးပေါင်း ဆွေးနွေးသွားဖို့လည်း ရှိပါတယ်၊ အခု ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ ဒေသအတွင်း အမှိုက်စနစ်တကျ စွန့်ပစ်နိုင်ရေး၊ အခြေခံ ဖြစ်တဲ့ အမှိုက်ပုံးများပြည့်စုံရေးနှင့် ပြည်သူများကို အသိပညာပေးခြင်းလုပ်ငန်းတို့ကို ဦးစားပေးဆောင်ရွက် သွားပါမယ်၊ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှာတော့ အမှိုက်လုံးဝကင်းစင်တဲ့ မြို့အဖြစ် ရောက်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ညောင်ဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၏ ပြောကြားချက်အရ သိရသည်။

ရဲသူရအောင်(ညောင်ဦး-ပြန်/ဆက်)    

No comments:

Post a Comment