Saturday, June 3, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

ဘားအံ ဇွန် ၃
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲမစတင်မှီ ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲတွင်အသုံးပြုရန် ခဲ၊ ရောင်စုံ ဖယောင်း၊ စုတ်တံ၊ ရေဆေး၊ Color Pan၊ ရောင်စုံခဲတံ၊ ပုံဆွဲခဲတံ၊ ပုံဆွဲစက္ကူ၊ Soft Pan စသည်ဖြင့် တန်ဖိုး ၇၆၆၀၀၀ ကျပ်ရှိ ပုံဆွဲကိရိယာများကို အခမဲ့ပေးဝေခဲ့ပြီး ပြိုင်ပွဲကို ̏ လူသားတို့ ကမ္ဘာမပျက်သုန်းဖို့ အန္တရာယ်မူးယစ်ဆန့်ကျင်စို့၊ မူးယစ်ကင်းစင်ပြည်တစ်ခွင် စည်ပင်ဖွံ့ဖြိုးစီးပွားတိုး၊ အားကစားဖြင့်မျိုးဂုဏ်မြင့်ဖို့ မူးယစ်ဆေးကိုဆန့်ကျင်စို့၊ သက်ရှည်ကျန်းမာလူသားကမ္ဘာ မူးယစ်ဆေးဝါးတိုက်ဖျက်ပါ၊ မူးယစ်စွဲသူဖေးမကူ ရောင်းချသူကို အရေးယူ ပြိုင်တူဆောင်ရွက် တိုင်းပြည်တွက်၊ ဦးစွာနားထောင်ပါ ˝ အစရှိသည့် ခေါင်းစဉ် ၆ မျိုးဖြင့် ကျင်းပခဲ့သည်။
ထိုပြိုင်ပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီမြို့များရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသားကျောင်းသူ ၁၀၇ ဦး၊ တက္ကသိုလ်/ကောလိပ် အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး စုစုပေါင်း ၁၂၆ ဦးက ပန်းချီပြိုင်ပွဲတွင် ၄၆ ဦး၊ ကာတွန်းပြိုင်ပွဲတွင် ၄၂ ဦး၊ ပိုစတာပြိုင်ပွဲတွင် ၃၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကျင်းပနေမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက လာရောက်ကြည့်ရှု့ အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment