Thursday, June 1, 2017

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာ ရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၅/၂၀၁၇)ကို လွှတ်တော်က သဘောတူ


နေပြည်တော် ဇွန် ၁
ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာ ရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၅/၂၀၁၇) နှင့်စပ်လျဉ်း၍ ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္တနေ့တွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်က နိုင်ငံတော်၏ ကဏ္ဍအသီးသီး တွင် နိုင်ငံပိုင်ငွေဖြင့် မဆောင်ရွက်နိုင်ခြင်းကြောင့် ပြည်ပချေးငွေရယူပြီး စီးပွားရေး အဆောက်အအုံများအတွက် ထပ်မံရင်းနှီးမြုပ်နှံပါက မအောင်မြင်ခဲ့လျှင် ကြွေးမြီ ပြဿနာ သံသရာလည်နေမည်ဖြစ်ပါကြောင်း။
သို့ဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံခြားချေးငွေ ရယူသည့်အပိုင်းတွင် ပို့ကုန်တိုးမြင့်ရေး၊ နိုင်ငံခြားသွင်းကုန်အစားထိုး၊ အလတ်စားနှင့် အသေးစား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာနှင့် သားငါးကဏ္ဍ၊ သတ္တုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးများတွင် စနစ်တကျ ရင်းနှီးမြုပ်နှံသင့်ကြောင်း၊ ချေးငွေရယူပြီး အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ကိန်းဂဏန်း အချက် အလက်များ စနစ်တကျ ပြုစုကောက်ယူပြီး ဖြစ်မြောက်နိုင်စွမ်း အပေါ်မူတည်ကာ အပြန်အလှန် သုံးသပ်ပြီးမှ ရင်းနှီးမြုပ်နှံသင့်ပါကြောင်း၊ အတိုးနှုန်းကြီးမြင့်ပြီး ကတိကြေး၊ စီမံခန့်ခွဲမှု စရိတ်များ ပေးဆောင်ရကာ ဆိုင်းငံ့ကာလနှင့် ပြန်ဆပ်ကာလတိုတောင်းသည့် ချေးငွေ မျိုးကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် မဖြစ်မနေ မဆောင် ရွက်လျှင်မရသည့် စီမံကိန်းမျိုးအတွက်သာ ချေးယူသင့်ပါကြောင်း၊ Grant Element သတ်မှတ်ချက် အချိုးအရ သက်သာသော အတိုးပင်ဖြစ်စေကာမူ ချေးယူမှုကို စိစစ် ဆောင်ရွက်သင့်ပါကြောင်း၊ ချေးယူရာတွင်လည်း ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်း ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးသန်းစိုး (ဘောဂ ဗေဒ)၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ ဒေါက်တာတင်တင်ဝင်း၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ တပ်မ တော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်စံဦး၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးနှင့်  ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်းတို့က ဆွေးနွေး တင်ပြကြသည်။
အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း က ချေးငွေကျော်လွန်မှုမှာ ရံဖန်ရံခါဖြစ်ပေါ်တတ်ပြီး ၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှာ တစ်ကြိမ်ဖြစ် ပေါ်ခဲ့ပါကြောင်း၊ နောင်တွင် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ တိကျစွာ ဆောင်ရွက်သွားရန် လိုအပ်သော ကြိုတင်စီမံဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာသည် ပထမဆုံးအစီရင်ခံစာဖြစ်သည့်အတွက် အားနည်းချက်များ ပါဝင်နိုင် ပါကြောင်း၊ ၄င်းအားနည်းချက်များကို ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ သဘော ထား မှတ်ချက်များ လွှတ်တော်ကိုယ်စားလှယ်များ၏ထောက်ပြ ဆွေးနွေးချက်များအရ ပိုမိုကောင်းမွန်သည့် အစီရင်ခံစာဖြစ်စေရန် တစ်နှစ်ထက်တစ်နှစ် ပိုမိုကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းအစီရင်ခံစာကို လွှတ်တော်က သဘောတူ ကြောင်းနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထား မှတ်ချက်အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ထို့ပြင် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးချုပ်သန်းလွင်အစား ဗိုလ်မှူးကြီး နေ၀င်းအား လည်းကောင်း၊ ဗိုလ်မှူးချုပ်သက်ထွန်းအောင်အစား ဗိုလ်မှူးချုပ် အောင်စန်းချစ်အားလည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို လွှတ်တော်၏ အတည်ပြုသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ခြင်း နှင့် တုံ့ပြန်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာ နိုင်ငံပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က သဘောတူစာချုပ်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့ အကြား အရေးပေါ်အခြေအနေများနှင့် နောက်ဆက်တွဲဖြစ်စဉ် ဆန်းစစ်ချက်အား ကြိုတင်ခန့်မှန်းခြင်း၊ အရေးပေါ်အခြေအနေ သတင်းအချက်အလက်များ မျှဝေခြင်း၊ ဘေးအန္တရာယ်ကျရောက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် အသက်ဆုံးရှုံးသူစာရင်း မျှဝေခြင်း၊ အဆင့်မြင့် နည်းပညာဖလှယ်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများအား အကူအညီပေးခြင်း နှင့် သဘောတူညီထားသည့်အတိုင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း၊ တုံ့ပြန်ခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း။
အဆိုပါသဘောတူစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအတွင်း သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခြင်း၊ သဘာဝဘေး အန္တရာယ် လျှော့ချရေးဆိုင်ရာ နည်းပညာများဖလှယ် နိုင်ခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုရရှိနိုင်ခြင်း၊ အရေး ပေါ်တုံ့ပြန်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စုစည်းမှုမရှိသော အလွတ်သဘောဆောင်သည့် စီးပွားရေးလုပ်ငန်းမှ စနစ်တကျ လုပ်ဆောင်သော စီးပွားရေးလုပ်ငန်းသို့ ကူးပြောင်းခြင်းဆိုင်ရာ တိုက်တွန်းချက်အမှတ် ၂၀၄ မှတ်တမ်း တင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ပေးသင့်ပါကြောင်းရှင်းလင်းတင်ပြသည်။စာချုပ်လက်မှတ်ရေးထိုးနိုင်ရေးနှင့် တိုက်တွန်းချက် အမှတ် ၂၀၄  မှတ်တမ်းတင် နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ် စားလှယ်ရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ရေခွန်နှင့် တာတမံခွန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ ဦးသန်းစိုး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးမောင် မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးကြည်ဝင်းတို့က ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်လိုသည့် အခန်း၊ ပုဒ်မများ၊ ပြင်ဆင်ချက်၊ ဖြည့်စွက် ချက်၊ အဓိပ္ပာယ်ပြဋ္ဌာန်းလိုသည့်အချက်များနှင့် အသစ်ပြဋ္ဌာန်းလိုသည့် အချက်များ အပေါ် အကြုံပြုဆွေးနွေးကြသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် တနင်္သာ ရီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀)မှ ဦးလားလ် မင်းထန် တို့က ဥပဒေကြမ်း၏ ပြင်ဆင်လိုသည့် အခန်း၊ ပုဒ်မများ၌ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များ အပေါ် အကြုံပြုဆွေးနွေးကြသည်။
ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရယူခြင်းကို ဇွန် (၆) ရက်တွင် ကျင်းပရန် လျာထားကြောင်း သိရသည်။  

မျိုးမြင့်၊ မီမီဖြိုး (သတင်းစဉ်)

No comments:

Post a Comment