Tuesday, February 28, 2017

ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရား ရွှေထီးတော်တင်ပွဲအတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ ပါဝင်ကုသိုလ်ယူ


တောင်ကြီး          ဖေဖော်ဝါရီ          ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲရှိ ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူဘုရား ဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီးနှင့် ဖောင်တော်ဆိုက်စေတီ အရံစေတီများသည် ၂၀၁၆ ခုနှစ် ဧပြီလ (၂၂)ရက် သောကြာနေ့ည၌ သဘာဝဘေးဒဏ်ကြောင့် ဆုတောင်းပြည့်အသောက စေတီတော်ကြီးသည် စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော်၊ ငှက်ပျောဖူးတော် တို့သည် မြေခခဲ့ကြောင်းသိရသည်။

ယခုအခါ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရား ဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီးနှင့် ထီးတော်တို့ကို ပြန်လည်ပြုပြင်မွမ်းမံပြီးဖြစ်၍ စေတီတော်မြတ်ကြီးအား ထီးတော်အသစ်တဖန်ပြန်လည် တင်လှူ ပူဇော်မည်ဖြစ်၍ ရပ်နီးရပ်ဝေးဒေသခံ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့သည် ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ ပွဲတော်မကျင်းပမီအထိ နေ့စဉ်နေ့တိုင်း မိမိ၏ထမင်းထုပ်၊ ရေဗူးများဖြင့် ဘုရားပုရဝုဏ်အတွင်းနှင့် ပတ်ဝန်းကျင်တို့တွင် သန့်ရှင်းရေးများပြုလုပ်ခြင်း၊ မဏ္ဍပ်များဆောက်လုပ်ခြင်းတို့ကို တက်ညီလက်ညီ ပါဝင်ကူညီဆောင်ရွက် ကုသိုလ်ယူကြရာ ပွဲတော်မကျင်းပမီ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ အင်အား (၅၄၀၀)ကျော်ရှိကြောင်း ဘုရားဂေါပကအဖွဲ့နှင့် ပွဲတော်ကျင်းပရေး ကော်မတီထံမှသိရသည်။
ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူဘုရား ဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်မှ ၁၂ ရက်ထိ (တပေါင်းလဆန်း ၁၃ ရက်မှ ၁၅ ရက်နေ့ထိ) ကျင်းပမည်ဖြစ်ပြီး၊ မတ်လ ၉ ရက် နံနက်(၉)နာရီတွင် မန္တလေး၊ စစ်ကိုင်းတို့မှ ပင့်ဆောင်လာသော စိန်ဖူးတော်များအား ခေတ္တစံပါယ်တော်မူနေသော ကျောက်တလုံးကြီးမြို့နယ်ခွဲ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ခမ်းထီနေအိမ်မှ အိုးစည်ဗုံမောင်းများဖြင့် ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူဘုရား ဆုတောင်းပြည့် အသောကစေတီတော်မြတ်ကြီးထံသို့ ပင့်ဆောင်မည်ဖြစ်ပါသဖြင့် ရပ်နီး၊ ရပ်ဝေးမှ ဒေသခံပြည်သူများ တိုင်းရင်းသား ပြည်သူများ ဘုရားဖူး ဧည့်သည်တော်များ လာရောက်ကြည်ညိုလှူဒါန်း သဒ္ဒါတရားပွားများနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment