နေပြည်တော် ဇန်န၀ါရီ ၃
လူမှုကွန်ရက် စာမျက်နှာတစ်ခုမှ လွှင့်တင်ခဲ့သော
ဗွီဒီယိုဖိုင်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့က ကျေးရွာသားအချို့ အား ရိုက်နှက်ခဲ့သည့်
ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း၍ စစ်ဆေးတွေ့ရှိမှုကို ပြည်ထဲရေးဝန်ကြီးဌာနက
ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။
ယင်းထုတ်ပြန်ချက်၌ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင်
လူမှုကွန်ရက် စာမျက်နှာတစ်ခုမှ လွှင့်တင် ခဲ့သော ဗွီဒီယိုဖိုင်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့
ဝင်အချို့ကကျေးရွာသားအချို့အား ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ
စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း၍ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေး ချက်အရ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၃ ရက် ညနေ
၅ နာရီ မိနစ် ၅၀ တွင် အကြမ်းဖက်တိုက်ခိုက်သူ (၆)ဦးသည် မောင်တော အလယ်သံကျော်လမ်းအတိုင်း
ဆိုင်ကယ်(၃)စီးဖြင့် မောင်တောမြို့နယ် နိုရူလာရဲကင်းစခန်း ဝင်ပေါက်အနီး ရပ်တန့်ကာ ဆိုင်ကယ်ပေါ်မှ
လက်နက်ငယ်ဖြင့် ပစ်ခတ်သောကြောင့် ကင်းတာဝန်ကျ ရဲဒုတပ်ကြပ် မင်းမင်းစိုးတွင် သေနတ်ထိမှန်ဒဏ်ရာဖြင့်
ကျဆုံးခဲ့ပြီး ရဲတပ်ကြပ် မျိုးဇော်ကိုတွင် ညာလက်မောင်း/ ဝဲဘက်ဝမ်းဗိုက်အောက် ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း၊
အဆိုပါတိုက်ခိုက်မှုမှ အကြမ်းဖက် တိုက်ခိုက်သူများသည် ကိုးတန်ကောက် ကျေးရွာဘက်သို့ ရှောင်တိမ်းသွားသည်ဟု
နယ်မြေသတင်းရရှိ သဖြင့်၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်တွင် ကိုးတန်ကောက်ကျေးရွာကို ရဲတပ်ဖွဲ့
အင်အားဖြင့် အကြမ်းဖက် တိုက်ခိုက်သူများအား ဝင်ရောက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊
ဝင်ရောက်ရှင်းလင်းရာတွင် လည်းပထမဦးစွာ ကျေးရွာလူထုကိုကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်
ဘာသာရေးခေါင်းဆောင်များမှ အသံချဲ့စက်ဖြင့် ကြိုတင်ကြေ ညာ၍ ရွာ၏ မြေကွက်လပ် နေရာတွင်
စုဝေးကြပါရန် ဆော်သြခဲ့သော်လည်း အများစုကလာရောက် စုစည်းကြပြီး အချို့ကထွက်ပြေးသဖြင့်လည်းကောင်း၊
အချို့မှာလည်းအိမ်တွင်း အလုံ ပိတ်ခန်းများတွင် ပုန်းအောင်းနေသည့်အတွက်ကြောင့်လည်းကောင်း
ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာတွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများရှိခဲ့ကြောင်း
ဖော်ပြထား သည်။
နိုင်ငံတော်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ
မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အင်အားကို အသုံးပြုရာတွင် အချိုးအစားညီမျှမှု
(Proportionality)၊ ဥပဒေနှင့်ညီညွတ်မှု(Legality)၊ တာဝန်ခံမှု (Accountability)၊ လိုအပ်ချက်ရှိမှု
(Necessity)စသော နိုင်ငံတကာစံနှုန်း များ၊ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီဆောင်
ရွက်ရန် ညွှန်ကြားထားရှိခဲ့ပြီး တရားခံများ ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်း၊ ရှာဖွေခြင်းနှင့်
သိမ်းဆည်းခြင်းများ နှင့်ပတ်သက်၍ ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဌာန်းချက်များ၊ ရဲလက်စွဲပါ
ပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်စေလျှက်ရှိကြောင်း၊ ဖွံ့ဖြိုးပြီးဒီမိုကရေစီနိုင်ငံအချို့တွင်
ပင် လျှင် ရဲတပ်ဖွဲ့ဝင်များမှ တရားခံများ ဖမ်းဆီးရာတွင် အလားတူ ဖြစ်စဉ်များ နိုင်ငံ
အချို့တွင် ဖြစ်ပေါ်ခဲ့ကြောင်း လည်းတွေ့ရှိရမည်ဖြစ်ကြောင်း၊ ၄င်းအခြေအနေသည် တစ်ဖက်နှင့်တစ်ဖက်
အာဃာတတရားကြောင့်မဟုတ်ဘဲ လတ်တလောဖြစ်ပေါ်လာ သည့် အခြေအနေကြောင့်သာ ညွှန်ကြားချက်များအပေါ်
လိုက်နာအကောင် အထည် ဖော်ဆောင်ရွက်ရန် အားနည်းခြင်းများကြောင့်ဖြစ်ပြီး ရဲတပ်ဖွဲ့နှင့်ပြည်သူအကြား၊
ရဲတပ်ဖွဲ့နှင်ပြစ်မှုကျူးလွန်သူများအကြား မကြာ ခဏဖြစ်ပေါ်နေသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်ကို
တွေ့ရှိရကြောင်း ထိုသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုကဲ့သို့ အခြေအနေများရှိသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ ဖြစ်စဉ်တစ်ရပ်ပေါ်ပေါက်လာတိုင်း ဖြစ်ရပ်မှန်အား
စုံစမ်း စစ်ဆေး၍ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း၊
ယခုဖြစ်စဉ်တွင်လည်း ကြီးကြပ်ကွပ်ကဲမှု တာဝန်ရှိသူ ရဲမှူးရဲထွန်းနိုင်၊ ဒုရဲအုပ် တေဇာလင်း၊
ဒုရဲအုပ် ထွန်းလင်းလှိုင်တို့ (၃)ဦးအား လည်းကောင်း၊ ဗီဒီယိုရိုက်ကူးခဲ့သူ ရဲတပ်သားဇော်မျိုးထိုက်အား
လည်းကောင်း၊ ကျေးရွာ သားများကိုရိုက်နှက်ကန်ကျောက်သူ ရဲတပ်သား ပြည့်ဖြိုးသွင်၊ ရဲတပ်သား
နန္ဒာမင်း၊ ရဲတပ်သားမိုးနိုင်၊ ရဲတပ်သားမောင်အေးမြတို့ (၄)ဦးအား လည်းကောင်း ရဲစည်းကမ်း
ထိန်းသိမ်းရေးဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်လျှက်ရှိသည်ဟု သတင်း ထုတ်ပြန်ချက် အရ
သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment