နေပြည်တော် ဇန်န၀ါရီ ၃
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော် ရေးဗဟိုကော် မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၇)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော် ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရသစ်လက် ထက် မေလကုန်တွင် ဤဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် များစွာသိမ်မွေ့ နက်နဲကျယ်ပြန့်ပြီး အရေးကြီးလှသည့်အတွက် ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါက်တာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်ကို ယခင်ကတည်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ အောက်တိုဘာ ၉ ရက်တွင် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပေါ်လာခဲ့ပြီးနောက် မောင်တောဒေသအရေးကိစ္စ ရှေ့တန်းရောက် လာခဲ့ ကြောင်း၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးကို လတ်တလော ဦးစားပေး ဆောင်ရွက်လျက် ရှိသော်လည်း ရခိုင်ပြည်နယ် တစ်ခုလုံးအရေးကိစ္စကိုလည်း ဆက်လက် ဆောင်ရွက်နေကြောင်း၊ အခြေအနေများကိုလေ့လာကြည့်လျှင် တည်ငြိမ်အေးချမ်းစ ပြုလာလျှင် နောက်ထပ် ပြဿနာအသစ်တစ်ခုထပ်မံဖြစ်ပေါ် လာလေ့ရှိသည်ကိုသတိရှိရှိဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြဿနာများ ဖြစ်ပေါ်လာလျှင် မှန်ကန်သည့်လမ်းကြောင်းပေါ်မှ ရပ်တည်ဖြေရှင်းဆောင်ရွက်သွား ရမည်သာ ဖြစ်ကြောင်း၊ စွပ်စွဲပြောကြားမှုများကို လက်တွေ့ လုပ်ဆောင်ချက်များ ကိုအခြေခံသည့် အမှန်တရားဖြင့် တုံ့ပြန်သွားရန် ဖြစ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုအဆင့်ဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး က ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။
ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ရခိုင်ပြည်နယ်၏ လက်ရှိ အခြေအနေများ၊ ၀န်ကြီးဌာနအလိုက် သက်ဆိုင်ရာ ကဏ္ဍများအား ဖြည့်ဆည်း ဆောင်ရွက် နေမှုနှင့် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ ၀န်ကြီးဌာနများကဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံ များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့ပြင် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အတွင်း ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကိုရှင်းလင်းတင်ပြသည်။
လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက လုံခြုံရေး ဆိုင်ရာများ ဆောင်ရွက်နေမှု အခြေအနေများကိုရှင်း လင်းတင်ပြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် NVC ကတ် ထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ များကိုရှင်းလင်းတင်ပြသည်။
ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့်ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေတို့က ကော်မတီ အလိုက် လုပ်ငန်းများဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံ များ ကိုရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများ၊ ၀န်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


No comments:
Post a Comment