Monday, December 12, 2016

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လားရှိုးမြို့ရှိ ဒဏ်ရာရစစ်သည်နှင့် ပြည်သူများ ဆေးကုသမှု ခံယူနေကြသည့်ဆေးရုံများသို့ သွားရောက်အားပေး


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ ဒဏ်ရာရစစ်သည်နှင့် ပြည်သူများ ဆေးကုသမှုခံယူနေကြသည့် ဆေးရုံ များသို့ သွားရောက်အားပေးသည်။

ရှေးဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည်  လားရှိုးမြို့ အမှတ် (၉) တပ်မတော်ဆေးရုံ ခုတင် (၁၀၀)သို့ ရောက်ရှိကြပြီး လတ်တလောကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများတွင် ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားစစ်သည်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များအား တစ်ဦးချင်းစီ လိုက်လံကြည့်ရှုအားပေးကာ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လားရှိုးအနောက်ပိုင်း ကချင်နှစ်ခြင်း အသင်းတော် သို့ ရောက်ရှိကြပြီး စစ်ဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတက လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရသည့်ပြည်သူများကို အားပေးရန်နှင့် လိုအပ်သည့် အထောက်အပံ့အကူ အညီ များပေး အပ်ရန်အတွက် မိမိတို့လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိဘပြည်သူများကို ယခုကဲ့သို့ မြင်တွေ့ရခြင်း အတွက် ကိုယ်ချင်းစာနာစိတ်နှင့်အတူများစွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊ တိုက်ပွဲဖြစ် ပွားရာ ဒေသအများစုသည် တည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက် ဒေသခံပြည်သူများ၊ သက်ကြီး ရွယ်အိုနှင့် ကလေးငယ်များ၊ အမျိုးသမီး များနှင့် ကျောင်းသားကျောင်းသူလေးများ အလွန် အတိ ဒုက္ခရောက်ကြရပါကြောင်း၊ ယင်းသို့မဖြစ်စေရန် အတွက် ယင်းဒေသတိုင်းတွင် တည်ငြိမ် အေးချမ်း ပြီးတရားဥပဒေစိုးမိုးမှုရရှိစေရန် လိုအပ်နေပါကြောင်း။
ဒေသခံပြည်သူများ ဒုက္ခရောက်ရသကဲ့သို့ နိုင်ငံတော်က ဆောင်ရွက်ပေးလိုသည့် ဒေသ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများအတွက်လည်း နှောင့်နှေးရပါကြောင်း၊  ဒေသတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုး တက်ရေးအတွက် လက်နက်ကိုင်အဖွဲ့များသာမက ပြည်သူလူထုတစ်ရပ်လုံးကပါ ပါဝင် ဆောင်ရွက်ကြ ရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်အနေဖြင့် နိုင်ငံသူ နိုင်ငံသား များ၏ စိတ်လုံခြုံမှုရှိစေရန်၊ တရားဥပဒေစိုးမိုးမှုရှိစေရန်နှင့် ရပ်ရွာအေးချမ်း တည်ငြိမ်ရေးကိစ္စရပ် များအပေါ် အထူးဂရုတစိုက် စောင့်ကြည့်နေပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင် ရမည့် အလုပ်များကို မလုပ်ရဘဲ ယခုကဲ့သို့သော တိုက်ပွဲများကြောင့် လူ့စွမ်းအား အရင်းအမြစ် များ ပြုန်းတီးနေရ သည်မှာ အလွန်ဝမ်းနည်းစရာကောင်းပါကြောင်း၊ တည်ငြိမ်အေးချမ်းမှသာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ရာ အခြားနိုင်ငံ များနည်းတူ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသား တိုင်း တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ အိမ်ထောင်သုံးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ကြရာ စစ်ဘေးရှောင်မိသားစုများကိုယ်စား တာဝန်ရှိသူများက လက်ခံကြသည်။
ထိုမှတဆင့် ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လားရှိုးပြည်သူ့ဆေးရုံ ခုတင် (၅၀၀) သို့ ရောက်ရှိပြီး  တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိ ခဲ့သည့် အပြစ်မဲ့ပြည်သူများအား ကြည့်ရှု အားပေးကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဒီပါတ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်း လင်း တင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ဒဏ်ရာရရှိသည့် ပြည်သူ များအတွက် ထောက်ပံ့ ငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့ မှူးရုံးသို့ ရောက်ရှိကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း ကျဆုံး/ဒဏ် ရာရနှင့် စစ်ဘေးရှောင် ရဲတပ်ဖွဲ့ဝင်မိသားစုများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒုတိယသမ္မတက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ၌ နိုင်ငံတော် အတွက် အသက်စွန့်ကာ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့ သည့် ရဲတပ်ဖွဲ့ဝင်များအပေါ် ဂုဏ်ပြုပါ ကြောင်း၊ ကျန်ရစ်သူ မိသားစုများအနေဖြင့် လည်း ဂုဏ်ယူကြစေလိုပါကြောင်း၊ နိုင်ငံ တော်နှင့် ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့် ကျန်ရစ်ခဲ့မိသားစုများအတွက် လိုအပ်သည့် ပံ့ပိုး ကူညီမှုများ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မလွဲမရှောင်သာသည့် အခြေ အနေမျိုးတွင်  ကြုံတွေ့လာသည့်ကိစ္စရပ်များ၌ စိတ်ဓာတ်ကြံ့ခိုင်ရန်နှင့် ကောင်းမွန်သော စိတ်ဓာတ် ဖြင့် အခက်အခဲပြဿနာများကို ရင်ဆိုင်ကျော်ဖြတ်သွားရန် တိုက်တွန်းပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်တည်ဆောက်ရေးတွင် လူ့စွမ်းအား အရင်းအမြစ် များ ဆုံးရှုံးနေရခြင်းအတွက် ဝမ်းနည်းစရာ ကောင်းပါကြောင်း၊ ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ လူသားစွမ်းရည်များ ဆုံးရှုံးနေရခြင်းသည် များစွာကြီးမားသည့် နစ်နာဆုံးရှုံးမှုများဖြစ်သည်ကို သင်ခန်းစာ ယူရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရန် အားလုံးက တက်ညီလက်ညီဖြင့် ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်းနှင့် မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မြန်မာ နိုင်ငံရဲတပ်ဖွဲ့များအနေဖြင့် တိုင်းပြည်အတွက် ဝံ့ဝံ့စားစား တိုက်ပွဲဝင်ခဲ့သည့်အတွက် နိုင်ငံတော် အနေဖြင့် ယခုကဲ့သို့  လာရောက်အားပေးခြင်းဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့အတွက် နိုင်ငံတော်တာဝန်ကို ဆတက်ထမ်းပိုး သစ္စာရှိရှိ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူက ချစ်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များဖြစ်စေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်းနှင့် တပ်ဖွဲ့၏ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းဖြင့် မိမိဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို မြှင့်တင် သွားကြရန်လိုအပ်ကြောင်းနှင့် တပ်ဖွဲ့ဝင်အချင်းချင်း အပြန်အလှန် ကူညီရိုင်းပင်းသည့် စိတ်ဓာတ် ကို မွေးမြူသွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် တိုက်ပွဲကာလအတွင်း ကျဆုံး၊ ဒဏ်ရာ ရနှင့် စစ်ဘေးရှောင် တပ်ဖွဲ့ဝင်မိသားစုများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများနှင့် အိမ်ထောင် သုံး ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့်  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့သည် ရွှေလီ ဧည့်ရိပ်သာ၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော် အတွက် အသက်ပေးလှူသွားသည့် တပ်မတော်သားများနှင့် ဒဏ်ရာရရှိခဲ့သော တပ်မတော်သား များအတွက် ဂုဏ်ပြု ပေးအပ်ချီးမြှင့်ငွေ ကျပ်သိန်း (၁၅၀၀) ကို တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်ထံ ပေးအပ် ကြသည်။
ယင်းနောက် တိုင်းမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နယ်မြေအခြေအနေ၊ တိုက်ပွဲဖြစ် ပွားခဲ့မှု အခြေအနေများနှင့် တပ်မတော်သားများအနေဖြင့် ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံအေးချမ်းစေရေးအတွက် အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင် နေမှု အခြေ အနေများကို ရှင်းလင်း  တင်ပြသည်။
အလားတူ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ သည် လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်းသို့ သွားရောက်၍ ရှမ်းကျောင်းဆရာတော် ဉူးပုညနန္ဒာကို ဖူးမြော်ကြည် ညိုပြီး စစ်ဘေးရှောင် ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးကာ ထောက်ပံ့ ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ဒုတိယသမ္မတ၏ ယခုခရီးစဉ်တွင်  စစ်ဘေးရှောင်ပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့လှူဒါန်းငွေကျပ် (၃၃၄၃ ဒသမ ၈) သိန်း၊ လွှတ်တော် မှ ထောက်ပံ့လှူဒါန်းငွေကျပ် ၁၂၉ သိန်း၊  ထောက်ပံ့ငွေ နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် မိသားစု (၅၈၃) စုအတွက် တစ်အိမ်ထောင်လျှင် စောင်တစ်ထည်နှုန်းဖြင့်  (၅၈၃) ထည်၊ ရိက္ခာ ဖိုးငွေ နှစ်လစာအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၃၁၀၀၀)နှုန်းဖြင့်  စုစုပေါင်း လှူဒါန်း ငွေကျပ် ၅၁၇.၆၄ သိန်းကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်၊ ဆီနှင့် ငါးသေတ္တာစသည့် လူသုံးကုန် ပစ္စည်းများအတွက် လှူဒါန်းငွေကျပ် ၁၀၇.၃၄ သိန်းကိုလည်းကောင်း၊ စုစုပေါင်း လှူဒါန်းငွေကျပ် (၄၀၉၇.၇၇၈) သိန်းကို  ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment