Monday, November 28, 2016

အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ


နေပြည်တော် နိုဝင်ဘာ ၂၈
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက်(၁၀)နာရီ တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၏ လမ်းဘေးလေလွင့် ကလေးသူငယ်များ ဘ၀လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပညာသင်ကြားရေး၊ အလုပ် အကိုင် အခွင့်အလမ်းရရှိရေးနှင့် မှတ်ပုံတင်ရရှိရေး တို့အတွက် အစီ အမံများ ချမှတ်ဆောင် ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးနှင့် လူငယ်များအတွက် လူမှုဝန်ထမ်း ဦးစီးဌာနမှ လူငယ်သင်တန်းကျောင်း ၁၀ ကျောင်း ဖွင့်လှစ်ပြီး လေလွင့်ကလေး သူငယ်များ၊ လမ်းပေါ်နေကလေးများ၊ ကလေးသူငယ်တရားရုံးမှ အမိန့်ချမှတ်၍ အကျင့်စာရိတ္တ ပြုပြင်ရန် ပို့အပ်လာသည့် ကလေးများ၊ ကလေးသူငယ် တရားရုံးတွင် ပြစ်မှုရင်ဆိုင်ဆဲ ကလေး များ၊ ကလေးသူငယ် ဥပဒေပုဒ်မ(၃၂)အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများအား လက်ခံ၍ အခြေခံစားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ အကျင့်စာရိတ္တပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း နည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်း၊ အတန်းပညာ၊ သက်မွေးပညာများ သင်ကြားပေးခြင်းနှင့် သင်ကြားနိုင်ရေးအတွက် ချိတ်ဆက် ပေးခြင်း၊ မှတ်ပုံတင်ရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ကလေးသူငယ်များ အပေါ်တွင် အများဆုံးကျူးလွန်ခံရ သည့် သက်ငယ်မုဒိမ်းမှုများ လျော့နည်းကျဆင်းရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက် ခြင်း၊ ကျူးလွန်သူများအား ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် သက်ဆိုင် ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကလေးသူငယ်များ ကျူးလွန်ခံရသည့်မှုခင်းများ လျော့နည်း ကျဆင်း ပပျောက်ရေးအတွက် အစီအမံများလည်း ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အခန်း(၂၈) ပုဒ်မ(၁၃၈)ကို မည်သူမဆို ကလေးသူငယ်အား မုဒိမ်းမှု ကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ်(၁၀)နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ပြင်ဆင် ထားသည့်အပြင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှလည်း ကလေးသူငယ် မုဒိမ်းမှုပြစ်ဒဏ်အား ယခုထက်အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာန၏ ကျောင်းပြင်ပ ပညာရေးဦးစီးဌာနကို ပြင်ဆင်ဖွဲ့စည်း၍ ကျောင်း ပြင်ပပညာရေးလုပ်ငန်းများနှင့် တစ်သက်တာ သင်ယူမှုလုပ်ငန်းများအား အရည်အသွေးရှိ ပညာရေး၏ အစိတ်အပိုင်း တစ်ခုအဖြစ် အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူမှု ၀န်ထမ်း ဦးစီးဌာနရှိ မိဘမဲ့ကလေး ပြုစုစောင့်ရှောက်ရေး သင်တန်းကျောင်းများမှ ကလေးများ၊ တရားဝင်အသိအမှတ်ပြု ပရဟိတဘုန်းတော်ကြီး ကျောင်းများနှင့် ပုဂ္ဂလိက ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေး၊ မိဘမဲ့ကလေး ဂေဟာများမှ တိုင်းရင်းသား မိဘမဲ့ကလေးသူငယ်များနှင့် အခြားစောင့်ရှောက်ထားသော ကလေးများအား တည်ဆဲညွှန်ကြား ချက်နှင့် အညီ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်၊ တာဝန်ခံဆရာတော်၊ ဂေဟာ တာဝန်ခံအသီးသီး တို့က အမည်စာရင်းဖော်ပြ၍ နိုင်ငံသား စိစစ်ရေးကဒ်ပြားတွင် အုပ်ထိန်းသူအဖြစ် ဖြည့်သွင်းပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ အထူးသဖြင့် လူငယ်များနှင့် ကလေးသူငယ် များတွင် ဆေးလိပ်၊ ကွမ်း၊ အရက်၊ ကော်ဗူး၊ မူးယစ်ဆေးဝါး အန္တရာယ်မှာ ပြန့်ပွားနေပါသဖြင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ပိုမိုမြှင့်တင် ဆောင်ရွက်ရန် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် လေလွင့်ကလေးငယ်များ၊ လမ်းပေါ်နေကလေးများ၊ တောင်းရမ်းစားသောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်ရှောက်သူမဲ့ မသန်စွမ်းသူများ လျော့နည်း ပပျောက်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ ၀န်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ NGOs၊ INGOs များ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရှေ့ပြေးစီမံချက်ရေးဆွဲခဲ့ပြီး အရွယ်မတိုင်မီ အလုပ်လုပ်ကိုင်နေသည့် ကလေးများအတွက် လိုအပ်သော ကျောင်းပြင်ပ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိရန် ချိတ်ဆက်ပေးခြင်းနှင့် အားလပ်ချိန်တွင် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခြင်း တို့ကို ကနဦးစီမံချက်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း။
လေလွင့်ကလေးသူငယ်များအား နောက်ကွယ်မှ ကြိုးကိုင်နေသူများကို ဖော်ထုတ်၍ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်း၊ အမှန်တကယ် မိဘစားဝတ် နေရေးအဆင်မပြေ၍ မိဘများနှင့်အတူ တစ်ဖက်တစ်လမ်းမှ အလုပ်လုပ်ကိုင်လိုသည့် အသက် အရွယ်ပြည့်မီသည့် ကလေးများကို အသက်မွေးဝမ်းကျောင်း သင်တန်းများသင်ကြား ပေးခြင်း၊ အလုပ်အကိုင်ရရှိသည်အထိ ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အခမဲ့ဆေးဝါးကုသခြင်း၊ မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးခြင်းတို့ကို ရွေ့လျားစောင့်ကြည့် အဖွဲ့ များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ လမ်းမှားမရောက်စေရန်နှင့် လူအဖွဲ့အစည်းအပေါ် အကျိုးပြုနိုင်ရန်၊ နိုင်ငံဂုဏ်သိက္ခာမြှင့်တင်နိုင်ရန် တို့အတွက် သက်ဆိုင် ရာဝန်ကြီးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့ကို မြန်မာ - အိန္ဒိယ နယ်စပ်အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့လှည့်ခရီးသည်များ ၀င်ထွက်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက မြန်မာ - အိန္ဒိယ နယ်စပ် တမူး - မိုးရေး ၀င်ထွက်ပေါက် အပါအ၀င် အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက် မဟုတ်သော နယ်စပ်ဝင်ထွက်ပေါက်များမှ ၀င်ရောက် လိုသူများအား သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ ပြီး ခွင့်ပြုချက် တောင်းခံပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် နယ်စပ် ၀င်ထွက် ပေါက်ကို ၁၂၅ ကြိမ် ခွင့်ပြုပေးခဲ့ပါကြောင်း၊ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ် ဖြတ်သန်းသွားလာခြင်းဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် နှစ်နိုင်ငံ အဆင့်ဆင့် အပြန်အလှန် ညှိနှိုင်းဆဲဖြစ်ပါကြောင်း၊ တမူးမြို့ကို မြန်မာ - အိန္ဒိယ နယ်စပ် အပြည်ပြည် ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် နှစ်နိုင်ငံ သဘောတူ စာချုပ်ချုပ်ဆိုပြီး နယ်စပ်ဝင်ထွက်ပေါက် အဖြစ် တရားဝင်သတ်မှတ်ပြီးမှသာ အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်သွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဇယ်ခေါင်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဖေတင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးခင်မောင်ဝင်းနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေး တို့၏ ပညာရေးကဏ္ဍ၊ စစ်ရှောင် စခန်းများနှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဦးသိန်းဆွေ၊ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို နိုဝင်ဘာ ၂၉ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။ (သူရဇော် - သတင်းစဉ်)

No comments:

Post a Comment