Tuesday, June 21, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့၏ (၁၈)ကြိမ်မြောက် ရန်ပုံငွေ ဖြည့်တင်းခြင်း အစီအစဉ် ဒုတိယ အကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား တက်ရောက်



နေပြည်တော် ဇွန် ၂၁
အကြံဉာဏ်များ၊ အထောက်အပံ့များ၊ ရုပ်ဝတ္ထုပိုင်းနှင့် နည်းပညာပိုင်း ဆိုင်ရာ အကူအညီများ ၀ိုင်းဝန်း ကူညီ ဆောင်ရွက် ပေးကြစေလိုကြောင်း အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် ရန်ပုံငွေ ဖြည့်တင်းခြင်း အစီအစဉ် ဒုတိယအကြိမ် မြောက် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။


ကမ္ဘာ့ဘဏ်၏ အဖွဲ့အစည်း တစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (International Development Association-IDA)၏ (၁၈)ကြိမ်မြောက် ရန်ပုံငွေ ဖြည့်တင်းခြင်း အစီအစဉ် ဒုတိယ အကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ Kempinski Hotel ၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဖွင့် အမှာစကား ပြောကြားစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြန်မာနိုင်ငံသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အတူ ရာသီဥတု ပြောင်းလဲမှုကြောင့် ပေါ်ပေါက်နေသည့် သဘာဝ ဘေးအန္တရာယ် များကိုလည်း ရင်ဆိုင် ကျော်လွှားရလျက် ရှိပါကြောင်း၊ ကျား-မ အချိုးညီညီ ဖွံ့ဖြိုး တိုးတက် လာစေရေးကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အလုပ်အကိုင် နေရာများ ဖန်တီးရေးနှင့် ပညာရည် ဖွံ့ဖြိုး တိုးတက်ရေး၊ အုပ်ချုပ်ရေးစနစ် ကောင်းမွန်မှုနှင့် အုပ်ချုပ်ရေး ယန္တရား ဖွံ့ဖြိုးရေး တို့တွင်လည်း  ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ယခု အစည်းအဝေးသို့ တက်ရောက် လာကြသည့် နိုင်ငံများ အနေဖြင့် ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြစေ လိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဖွင့်ပွဲ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် ပြည်တွင်း၊ ပြည်ပမှ ကိုယ်စားလှယ် (၂၁၅)ဦးခန့် တက်ရောက်ကြသည်။
ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအား IDA Borrower Cuntry အဖြစ်လည်းကောင်း၊ Fragile and Conflict Affected State (FCS) အဖြစ် လည်းကောင်း ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိသည်၊ IDA သည် မြန်မာနိုင်ငံ အပါအ၀င် တစ်ဦးကျဝင်ငွေ အနည်းဆုံး နိုင်ငံများ၏ ဖွံ့ဖြိုးမှု လုပ်ငန်းများ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ အခြေခံ အဆောက် အအုံနှင့် အဖွဲ့အစည်း ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ စသည်တို့အတွက် ထောက်ပံ့ ကူညီနိုင်ရန် ၎င်း၏ ရန်ပုံငွေများကို တိုးမြှင့် ဖြည့်ဆည်းပေးလျက် ရှိသည်။
IDA 18 Replenishment အတွက် ၂၀၁၆ ခုနှစ်အတွင်း အစည်းအဝေး (၄)ကြိမ် ကျင်းပသွားရန် စီစဉ်ထားသည်။ ယခု အစည်းအဝေးသည် ကမ္ဘာ့ဘဏ်၏ ကုန်ကျ စရိတ်ဖြင့် ဇွန် (၂၁)ရက်မှ (၂၄)ရက်အထိ ကျင်းပမည် ဖြစ်ပြီး ရန်ပုံငွေ ထပ်မံ ဖြည့်ဆည်း ပေးရန် ဆောင်ရွက်ခြင်း ဖြစ်သည်။
ယခု အစည်းအဝေးကို မြန်မာနိုင်ငံ အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိသည့် အတွက် ကမ္ဘာ့ဘဏ်နှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ခြင်း၊ ရင်းနှီးမှု ပိုမိုရရှိနိုင်ခြင်း၊ IDA မှ ကူညီ ထောက်ပံ့မှုများ ပိုမိုရရှိနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

No comments:

Post a Comment