နေပြည်တော်
ဇွန် ၁၃
သစ်တောများ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် (၁၃)ရက် နံနက် ၈နာရီခွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး
ဦးအုန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏
သစ်တောများ ပြန်လည်တည်ထောင်ရန် နိုင်ငံအဆင့် စီမံကိန်း ရေးဆွဲ ပြုစုနိုင်ရေးအတွက် ပြုလုပ်သော
အလုပ်ရုံ ဆွေးနွေးပွဲဖြစ်၍ သစ်တောကဏ္ဍအတွက် အလွန်ပင်အရေးကြီးသော အလုပ်ရုံဆွေးနွေးပွဲတစ်ခု
ဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အတွက်
ကြိုးပမ်းဆောင်ရွက်ကြရာတွင် မြေ ၊ ရေ ၊ သစ်တော ၊ သတ္တု စသော သဘာဝသယံဇာတ အရင်းအမြစ်များကို
နောင်သားစဉ်မြေးဆက်အထိစနစ်တကျသုံးစွဲနိုင်မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်မှု
(Sustainable Development) ရရှိရေး စနစ်တကျစီမံတွက်ချက်အသုံးပြု ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊
သဘာဝသယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရာတွင် အကန့် အသတ်ရှိသည်နှင့်အညီ စနစ်တကျထုတ်ယူ
သုံးစွဲရန် အထူးပင်အရေးကြီးကြောင်း၊ FRA 2015 အရ မြန်မာနိုင်ငံ ဧရိယာ၏ (၄၂.၉၂)ရာခိုင်နှုန်း
သစ်တောများ ဖုံးလွှမ်းလျက် ရှိကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျွန်းနှင့် သစ်မာ ထုတ်လုပ်ခြင်းကိုလုံးဝရပ်နားကာ
နောင်လာမည့် နှစ်များမှာလည်း သတ်မှတ်နှစ်စဉ် တောထွက်ပမာဏအောက် သိသိသာသာ လျှော့ချပြီး
ပြည်တွင်းလိုအပ်ချက်အတွက်သာ ထုတ်လုပ်သွားရမည် ဖြစ်ကြောင်း၊ ထို့အတူ မြန်မာ့ ကျွန်းသစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမကို
ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၁၀) နှစ် အထိကျွန်းနှင့်သစ်မာ ထုတ်လုပ်ခြင်းမပြုဘဲ
အနားပေးဆောင်ရွက်သွားရန် ဆွေးနွေးသုံးသပ်ထားကြောင်း၊ သစ်တော ဖုံးလွှမ်းမှုရာခိုင်နှုန်း
လျော့နည်းလာခြင်းမှာ သစ်အလွန်အကျွံထုတ်လုပ်ခြင်း၊ လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ
မြို့ရွာများတိုးချဲ့လာခြင်း၊ အခြားမြေအသုံးချမှု ပြောင်းလဲခြင်း၊ သစ်၊ တိုင်၊ မျော၊
ထင်း၊ မီးသွေးများ တိုး၍ထုတ်လုပ် လာခြင်းအပြင်
တရား မဝင်သစ် ခိုးယူထုတ်လုပ်မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်၍ သစ်တောသယံဇာတများလေလွင့်
ဆုံးရှုံးမှုမဖြစ်ရန် တရားမဝင်သစ်ဖမ်းဆီးရေးကို ထိရောက်စွာဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ၏
အဖိုးတန်သစ်တော များအား စနစ်တကျ စီမံအုပ်ချုပ်နိုင်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်း
ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ သစ်တော ပြန်လည် တည်ထောင်ရေးစီမံကိန်းကို (၅)နှစ်စီမံကိန်း
(၂)ကြိမ် စုစုပေါင်း (၁၀)နှစ် စီမံကိန်းနှင့် ရေးဆွဲ အကောင်အထည် ဖော် ဆောင်ရွက်ရန်ရည်ရွယ်ပြီး
စီမံကိန်းကာလ ပြီးဆုံးချိန်တွင် သိသာထင်ရှားသောရလဒ်၊ နိုင်ငံတကာမှ အသိအမှတ် ပြုလက်ခံနိုင်သော ရလဒ်အဖြစ်
မှတ်ကျောက်အတင်ခံနိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနအောက်ရှိ
လုပ်ငန်းဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သစ်တောတက္ကသိုလ်
ပါမောက္ခချုပ်၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတို့မှ
တိုင်းဒေသကြီး/ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ သစ်တောဦးစီးရုံးချုပ်မှ အရာရှိကြီးများ တက်ရောက်ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား (၁၃-၆-၂၀၁၆)
ရက်နေ့မှ (၁၄-၆-၂၀၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment