Wednesday, June 1, 2016

အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး(၃၄)ရက်မြောက်နေ့ကျင်းပ



နေပြည်တော် ဇွန်    

ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသော ကြပ်စင်တံတား အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြီးစီးအောင် ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ် ရန်ပုံငွေ (၂)ရပ်ပေါင်း တင်ပြတောင်းခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ကြပ်စင်တံတား ပြီးစီးသည်အထိ ထပ်မံလိုအပ်ရန်ပုံငွေသည် ငွေကျပ် ၈ ဒသမ ၄၆ ဘီလီယံဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရနှင့်ညှိနှိုင်း၍ ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ(၂)ရပ်ပေါင်း တင်ပြ တောင်းခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ယနေ့အမျိုးသားလွှတ်တော်အစည်းအဝေး တွင် ပြောကြားသည်။


ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ကြပ်စင်မြစ်ကူးတံတား အမြန်ဆုံးပြီးစီးအောင် ဘဏ္ဍာငွေပိုမိုချပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးက ဖြေကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ကြပ်စင်မြစ်ကူးတံတားသည် ပြည်နယ်အစိုးရမှ စီမံခန့်ခွဲ သော မြေပုံ-မင်းပြား လမ်းပေါ်တွင်တည်ရှိပြီး ရခိုင်ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ပြည်နယ်ရန်ပုံငွေကျပ်သန်း ၅၀၀ ဖြင့် မင်းပြားဘက်ကမ်းရှိ ပင်မတံတား၊ ရေလည်တိုင်တူးခြင်းလုပ်ငန်း၊ မင်းပြား ဘက်ကမ်း ကမ်းကပ်ခုံလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ရရှိရန်ပုံငွေ ၁၄၃၄ ဒသမ ၁၈၇ သန်းဖြင့် အောက်ခြေအုတ်မြစ်လုပ်ငန်းတွင် ဘိုးပိုင်(၁၃၂) လုံးရှိသည့် အနက် (၄၈)လုံး၊ တံတားတိုင် ၁၉ တိုင်အနက် ၃ တိုင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ တစ်စင်းလုံး၏ ပြီးစီးမှုရာခိုင်နှုန်းမှာ ၂၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

ကြပ်စင်တံတားသည် ရခိုင်ပြည်နယ် မြေပုံ-မင်းပြားလမ်း မိုင်တိုင်အမှတ် ၂၂/၄ နှင့် ၂၃ /၁ ကြား တည်ရှိပြီး အရှည်ပေ ၁၉၂၀ ပေ၊ သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ်နှင့် သံပေါင်တံတား အမျိုးအစားဖြစ်ကာ စီမံကိန်းခန့်မှန်းတန်ဖိုးကျပ် ၁၀၄၀၀ သန်းဖြစ် သည်။

ယနေ့အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၏ ပြည်သူများသွားလာ ဆက် သွယ်ရေး အခက်အခဲရှိနေသည့်အတွက် အရေးတကြီး အမြန်လိုအပ်လျက်ရှိသော ပလက်ဝတံတားကို သတ်မှတ်ချိန်အတွင်း ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍လည်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က        မူလ ပလက်ဝချောင်းကူး တံတား သည် အရှည်ပေ ၁၂၀ ရှိ  သံပေါင်တံတားဖြစ်ပြီး အဆိုပါနေရာတွင် အရှည် ၂၄၃ ဒသမ ၁၆ မီတာ၊ အမြင့် ၃၇ ဒသမ ၅ မီတာနှင့် တံတားအကျယ် (၉)မီတာရှိ နှစ်လမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သောက်ရေ ခပ် (ပလက်ဝ)တံတားတည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေးအရ ရွှေစွမ်းအင်ကုမ္ပဏီ က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်အပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြား သည်။


ထို့ပြင်အစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့် မန္တလေးမြို့နယ် စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်း သည့်ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် အမည်စာရင်းတင်သွင်းသည့် လွှတ် တော်ကိုယ်စားလှယ် မရှိသည့်အတွက် အမျိုးသားလွှတ်တော်က ပြင်ဆင်ခြင်းမပြုဘဲ အတည်ပြုလိုက်သည်။ 

No comments:

Post a Comment