Wednesday, April 27, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့ အလန်မာရှယ် အား လက်ခံတွေ့ဆုံ


နေပြည်တော် ဧပြီ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့ အလန်မာရှယ်အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များနှင့် လက်ရှိပါတီစုံ ဒီမိုကရေစီခေတ်၏ ဒုတိယအစိုးရကာလ၊ အပြောင်းအလဲကာလတွင် တပ်မတော်၏ အမျိုးသားရေးဆိုင်ရာ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များ၊ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေးအရ ဖြစ်ပေါ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင် မှုတွင် တပ်မတော်၏သဘောထားနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ မိမိနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာဆက်ဆံရေးအခြေအနေ၊ မြန်မာ-အမေရိကန်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား အပြန်အလှန် ယုံကြည်မှုကိုအခြေခံ၍ ဆက်ဆံရေးတိုးမြှင့်နိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။


ဧည့်သည်တော် သံအမတ်ကြီးမှလည်း ၎င်းတာဝန်ထမ်းဆောင်မည့် ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့တက်ရောက်ကြပြီး သံအမတ်ကြီးနှင့်အတူ သံရုံး ဒုတိယအကြီးအကဲနှင့် စစ်သံမှူးတို့ တက်ရောက်ကြသည်။

(မြ၀တီ)

No comments:

Post a Comment