Thursday, March 3, 2016

ဖဆပလ အကွဲလိုက်ဆဲရင်း သတင်းစာသိက္ခာမြောင်းထဲဆင်း


ဝင်းအောင်ကြီး
ကြေးမုံသတင်းစာတွင် လူမှုဘဝ သရုပ်ဖော်စာပေများကို အလျဉ်းသင့်သလို ဖော်ပြပေးလျက်ရှိပါသည်။ ထိုသို့ ဖော်ပြပေး ရာတွင် စာဖတ်ပရိသတ်၏ နှလုံးသားတွင် စွဲထင်ကျန်ရစ်စေမည့် လူမှုဘ၀ဖြစ်ပျက်ပုံများကို ရသပေါ်လွင်အောင် ရေးသားကြသည့် ထင်ရှားသော စာရေးဆရာများအား ရွေးထုတ် ဖော်ပြပေးလျက်ရှိရိရာ အပတ်စ်စဉ်ကြာသပတေးနေ့ တိုင်းတွင် စာရေးဆရာ “ဝင်းအောင်ကြီး” ဆောင်းပါးများကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စာရေးဆရာဝင်းအောင်ကြီး သည် မောင်အောင်မွန် နာမည်ဖြင့် ဘာသာပြန်နှင့် ပင်ကိုရေးဝတ္ထုစာအုပ်များ ရေးသူလည်းဖြစ်သည်။

(စာတည်း)
တစ်ကယ်တော့ မြန်မာ့နိုင်ငံရေးတွင် အကွဲအပြဲဆိုသည် ရှိစမြဲပါ။
ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်ပါတီထဲက ကွဲထွက်လာသည့် ဆိုရှယ်နီစသည် တို့ကိုလေ့လာကြည့်ပါ။ သို့သော်လည်း ၁၉၅၈ ခုနှစ်တွင် အာဏာရဖဆပလ အဖွဲ့ချုပ်အကွဲကား မြန်မာပြည် လွတ်လပ်ရေးရစ သက်တမ်းနုနု ဒီမိုကရေစီ ဇီဝိန်ချုပ်ဖို့ လမ်းစဖြစ်လာပြီ။
အာဏာပုဂ္ဂိုလ်ရေးတွေနှင့် ရှုပ်ထွေးလေ့ရှိသော မြန်မာ့နိုင်ငံရေးကို ဖဆပလ အဖွဲ့ချုပ်၏အကွဲ၌ ရှင်းလင်းပီပြင်စွာ မြင်တွေ့နိုင်သည်။ ဦးနုကို နိုင်နေကျ ဦးကျော်ငြိမ်းအား သူ၏ နိုင်ငံရေးအခြေခံ (Political Base) ဟုဆိုရမည့် ဖဆပလ အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ရာထူးကဖယ်ရှားရေးကနေပြီး ကွဲကြဖို့ဖြစ်လာ၏။
ထိုစဉ်က အသက် (၂၀) ကျော် တက္ကသိုလ်မှထွက်စ လက်ဝဲသမားမို့ ဖဆပလအခက်၊ ပမညတအချက်ဟု သဘောထား ကာ ကျွန်တော်ပျော်သ ယောင်ယောင်။ ယခု ဤဆောင်းပါးရေးချိန်တွင်မူ သတင်းသမား သက်တမ်းပင်လျှင် နှစ်(၅၀) ကျော်နေပြီမို့ သုံးသပ်ချက်များ၊ အကိုးအကားများဖြင့်ရေးရပါမည်။
သူ သတင်းစာမဖတ်ဟု ကိုယ်တိုင် (တာတေစနေသားတွင်) ဝန်ခံထားသော ဦးနုသည် တစ်ပတ်ခြား သတင်းစာ ရှင်းလင်းပွဲ လုပ်နေကျမို့ သတင်းစာ ဆရာများနှင့် အထိအတွေ့ရှိသည်။ နီးစပ်သည်။ ဖဆဆိုရှယ်ဟု နောက်ပြောင် ရေးသားသည်အထိ သတင်းစာများနှင့် ပြဿနာတက်တိုင်း ဦးနုက အယ်ဒီများ အား ထမင်းဖိတ်ကျွေးကာ မေတ္တာရပ်ခံ၍ ပြေလည်ရာပြေလည်ကြောင်း လုပ်ဆောင်လေ့ရှိ၏။
တည်မြဲခေါင်းဆောင် ဆိုရှယ်လစ် ဦးကျော်ငြိမ်းကိုမူ သခင်တင်၏ မိန်းမရှုပ်မှု သတင်းဖော်ပြသော သတင်းစာ လေးစောင်အနက် ပြည်သူ့ဟစ်တိုင်၊ အိုးဝေ၊ စီးပွားရေး သတင်းစာတိုက်များအား ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန် စီစဉ်ပြီး ကိုယ်တိုင်အမိန့်ပေးခဲ့သူ ပြည်ထဲရေးဝန်ကြီးအဖြစ် သတင်းစာများက မမေ့နိုင်ကြသေးပါ။
ကွန်မြူနစ်နေ့စဉ်တိုက်သို့ မသွားဝံ့သော သူရဲကောင်းအဖြစ်လည်း သတင်းစာတို့က သရော်ခဲ့ဖူးသည်။ ခုတော့ သခင်တင် က နုတင်ဘက်က၊ ဦးကျော်ငြိမ်းက ဆွေငြိမ်းခေါင်းဆောင်။ ဖျက်ဆီးရေးအဖွဲ့ကို ဦးဆောင်သူ ပါလီမန်အတွင်းဝန် သခင်ချစ်မောင် (သာယာဝတီ) က ယခုအခါ ပမညတ။
ဦးကျော်ငြိမ်းအား အငြိုး အာဃာတကြီးစွာ ညှင်းပန်း နှိပ်စက်သူအဖြစ် လူမုန်းများပုံလည်း သတင်းစာများရေးဖို့ အခွင့်ကြုံပြီ။ ဒေါက်တာဘမော်နှင့် အတူ အချုပ်ခံနေရသော သူ့သမက် ဗိုလ်ရန်နိုင်အား ထောင်ဝင်စာ အကြိမ်ကြိမ် တောင်းသော ဒေါ်သဉ္စာမော်နိုင်အား နောက်ဆုံးခွင့်ပြုတော့ အဖေကိုသာတွေ့ ခွင့်ရ၊ ခင်ပွန်းအား မတွေ့ရဟု လုပ်ခဲ့ပုံပြန်ရေးကြသည်။
ကျောင်းသားခေါင်းဆောင် ကိုထွန်းရှိန်၊ ရွှေတောင်တိုက်ပွဲဖြင့် နာမည်ကြီး သူရဲဘော်သုံးကျိပ်ဝင် စသဖြင့် ဗိုလ်ရန်နိုင်၏ ဂုဏ်ပုဒ်များ ဖော်ညွှန်းကာ သတင်းစာတို့၏ ထိုးနှက်ချက်ကို ဦးကျော်ငြိမ်း မရှုမလှခံရသည်ကို ကျွန်တော် ကောင်းစွာ မှတ်မိနေ၏။
ဦးနုနှင့် ဦးကျော်ငြိမ်းတို့ အပြန်အလှန်ရေးကြသောစာနှစ်စောင် သတင်းစာတွေထဲ ပါလာသောအခါ အစဉ်အလာကြီးမား သည့် ဖဆပလ၏ ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးအကြား၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်တို့အကြားဟု မည်သည့်နည်းနှင့်မှ ယုံကြည်၍ မရနိုင်လောက်အောင် ငယ်ကျိုး ငယ်နာများ ပြည့်နေ၏။
စာနှစ်စောင်လုံးကိုဖော်ပြသော သတင်းစာများ၊ စာတစ်စောင်ကိုသာ ထည့်သွင်းကာ တစ်ဘက်ကို ကလော်တုပ်သော သတင်းစာဟူ၍ ဖဆပလအကွဲတွင် သတင်းစာများတွင်လည်း ပိုင်ရှင်နှင့် အယ်ဒီတာကြား၊ အယ်ဒီတာနှင့် သတင်းထောက် တို့အကြား သဘောထားကွဲကုန်ကြတော့သည်။
သို့သော်လည်း ကျွန်တော်မှတ်မိသလောက် ထွန်းနေ့စဉ်၊ The Nation တို့ကမူ တပ်မတော်က မည်သို့ဝင်လာ ပတ်သက် လာမည်ကို ခန့်မှန်းရေးသားသည်။ ဖဆပလအာဘော် မဏ္ဍိုင်သတင်းစာက ထောက်ခံမှုအများစု တည်မြဲတို့ ရရှိနေပုံ သတင်းများ ဖော်ပြရေးကာ ဆွေငြိမ်းတို့ဘက်မှ ထောက်ခံရေးသား၏။
ဦးနုနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူ ဦးအုန်းခင်က ပိုင်ရှင်အယ်ဒီတာချုပ်မို့ “ကျော်ငြိမ်း ငါ့ညီ၊ မင်းငယ်ပါသေးတယ်” စသဖြင့် ဗမာ့ခေတ်သတင်းစာတွင် နှိမ့်ချရေးသားပုံ ရေပန်းစားကာ ပြောစမှတ်အဖြစ်ကျန်ခဲ့၏။
သို့သော် သတင်းစာကျင့်ဝတ်နှင့် ညီပါလေစဟု မေးစရာဖြစ်နေပြီ။
ဖဆပလအစိုးရသည် သတင်းစာတိုက်များအား မကြာခဏ ချိပ်ပိတ်လေ့ရှိပြီး ပထဆုံးထိသော သတင်းစာမှာ သူရိယ သတင်းစာဖြစ်သည်။ ဗမာ့ခေတ် သတင်းစာ၌သုံးနေသည့် အစိုးရပုံနှိပ်စက်ဟောင်းများကို ရမယ်ရှာလာသော အခါ ဗမာ့ခေတ်က ခိုးရာပါမဟုတ်၊ တရားဝင်ဝယ်ထားခြင်းဖြစ်ကြောင်း သက်သေအထောက်အထားများဖြင့် ရုံးတော်တွင် ပြသနိုင်၏။
သို့သော်လည်း အမှု၏ သက်သေအဖြစ် ရွှေ့မရနိုင်သော ပုံနှိပ်စက်ကြီးကို အပိုင်းပိုင်းခွဲကာ တစ်ပိုင်းကို လူ ၁၀ ယောက် မပြီး ရုံးတော်တွင် တစ်နှစ်ကျော်၊ ဝန်ကြီး ဦးကျော်ငြိမ်းညှင်းဆဲထားပုံ ဦးအုန်းခင် အဘယ်မှာလျှင် မေ့နိုင်ပါမည်နည်း။
ထိုစဉ်က ကျွန်တော်မသိနိုင်ပါ။ ယခုဆောင်းပါးရေးရန် အကိုးအကားရှာ သောအခါ ဦးကျော်ငြိမ်းက “အဲဒီတုန်းက ကျုပ်ကငယ်တော့ ဒေါသရှိတယ်။ ဒါ့ကြောင့် နိုင်တဲ့နည်းနဲ့ ညှင်းမိတာပါ” ဟု ပြောသည်ကို ကြေးမုံဦးသောင်းက သူ၏ ဗမာ့ခေတ်မှ ကြေးမုံသို့ စာအုပ် (စာမျက်နှာ ၇၇) တွင်ဖော်ပြထား၍ ကိုးကားရေးသားနိုင်ခြင်းပါ။
ကာတွန်းဆရာများလည်း ဟိုဘက်ပါ၊ ဒီဘက်လိုက်နှင့် ကွဲကြလေရာ “ကျော်မကောင်း ကျားမကောင်း” ကာတွန်းဖြင့် ဦးနု လိုလားသူက တည်မြဲကို ထိုးနှက်သည်။ ကျော်ဆိုသည်က ဦးကျော်ငြိမ်းနှင့် ကျားဆိုသည်မှာ ကျားကြီး ဗဆွေတို့အား ရည်ညွှန်းကြောင်း သတင်းစာဖတ်သူများ သိထားကြပါ၏။
ဗိုလ်ချုပ်အောင်ဆန်း လက်ထက်ကတည်းက ထားရှိခဲ့သော ဖဆပလ အဆောက်အအုံကြီးနှင့် ပစ္စည်းများကို တစ်ဝက်စီ ခွဲယူမည်ဟု ဦးနုက ဆိုပြီး တည်မြဲတို့ဘက်ကမူ တစ်ပြည်လုံးထောက်ခံမှုရထားသဖြင့် မဏ္ဍိုင်သတင်းစာ ကဲ့သို့ သူတို့သာ ရထိုက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို သတင်းစာတချို့က ဖော်ပြ၊ သတင်းစာတချို့က မှောင်ချကြ၏။
နောင်နှစ်ပေါင်းများစွာကြာလာသောအခါ မြန်မာတစ်ပြည်လုံးတွင် သူ့အား ထောက်ခံသည့် ဖဆပလတိုက်နယ်ဟူ၍ ၃ နယ်၊ ၄ နယ်လောက်သာရှိပြီး ကျန်အားလုံးက တည်မြဲတို့ကိုသာ ထောက်ခံကြကြောင်း ဦးနုက အသိအမှတ်ပြု ရေးသား ထားသည်ကို ကျွန်တော်တို့ ဖတ်ရသည်။
ရွေးကောက်ပွဲတွင် ထည့်သွင်းမဲဆွယ်နေကျ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကိုကော ဘယ်လိုခွဲမလဲဟု သတင်းစာ တစောင်က ကလိသလိုနှင့် အရေးကြီး မေးခွန်း ထုတ်လိုက်ပြီ။ ထိုအခါ ဦးနုက ဝန်ကြီးချုပ်ရာထူးက နုတ်မထွက်နိုင်၊ ပါလီမန်ထဲ အားပြိုင်မည်ဟု ကြေညာသည်။
ပါလီမန် ဒီမိုကရေစီ စနစ် အစဉ်အလာအရ ပါတီတွင်း အများစုထောက်ခံမှု မရလျှင် နုတ်ထွက်ကာ အိမ်စောင့် ဝန်ကြီးချုပ် အဖြစ်နှင့် ရွေးကောက်ပွဲ လုပ်ပေးရပုံ ထောက်ပြသော သတင်းစာ၏ အသံက ကွဲသံ၊ ပြဲသံဆူညံနေသည့် ကြားတိုးမပေါက် ခဲ့ပါ။
ပါလီမန်လွှတ်တော်တွင်း တည်မြဲဖဆပလ၊ သန့်ရှင်းဖဆပလနှင့်အပြိုင် ပမညတအမတ်များက တတိယအင်အားစု ဖြစ်လာလေပြီ။ သာမန်အားဖြင့် တပ်မတော်ကို အားကိုးသော တည်မြဲဖဆပလနှင့် တပ်မတော်က မလိုလားသော ပမညတ တို့ တွဲကာ အာဏာယူဖို့ နှစ်ဘက်စလုံးက စိတ်ဝင်စားပုံ မပြကြပါ။
အကွက်မြင်သော ပမညတက တစ်ချိန်လုံး တောင်းဆိုနေသာ ပြည်တွင်းစစ်ကို စေ့စပ်ဆွေးနွေးသည့်နည်းဖြင့် အဆုံးသတ် ရေး ဦးနုက လုပ်ဆောင်ပေးမည်ဟု ကတိပေး ကြေညာလိုက်သည်။
ထိုအခါ အလားတူ တောင်းဆို တိုက်တွန်းရေးသားနေခဲ့ကြသည့် သတင်းစာများ၊ အထူးသဖြင့် လက်ဝဲသတင်းစာ များလည်း သန့်ရှင်းဖဆပလ ဘက်သို့ ရောက်သွားလေပြီ။ ပြည်နယ်များမှ လူမျိုးစုအမတ်များ ထောက်ခံမှု ရရှိရေးနှစ်ဘက် အပြိုင်ဆွယ်ကြရပြန်၏။
၁၀ နှစ်နီးပါး အာဏာရဖဆပလနှင့် တွဲခဲ့ရ၍ ပုဂ္ဂိုလ်ရေး ခင်မင်နီးစပ်မှုကြောင့် လိုက်ကွဲကြသော်လည်း အမတ်အစုလိုက်၊ အတွဲလိုက်မရနိုင်သဖြင့် တစ်ဦးချင်းလိုက်စုရ၏။
ရခိုင်တိုင်း (ထိုစဉ်က ပြည်နယ်မဖြစ်သေး) ရတည (ရခိုင်တိုင်းသားညီညွတ်ရေး) ပါတီကို အင်အားကြီး ဖဆပလ မကွဲခင် ကတည်းက ရှုံးနေကျ၊ ကျောက်ဖြူ တစ်နေရာတွင်သာ ဦးဘစော (ဖဆပလ) နိုင်၍ တိုင်းမြို့တော် စစ်တွေကိုကျော် ကာ ကျောက်ဖြူတွင် ကောလိပ်ဖွင့်ပေးထား၏။
သို့သော်လည်း ပမညတ၏ မဟာမိတ်အနေဖြင့် ရတည အမတ်များ၏ ထောက်ခံမဲကိုလည်း သန့်ရှင်းဖဆပလဘက်က ရရှိတော့မည်။
သို့တိုင်အောင် ဦးနုဝန်ကြီးချုပ် ဆက်ဖြစ်ရေး မသေချာသေး။
ဝန်ကြီးနေရာပေးမည်ဟု ကတိပေးမက်လုံးပေးနှင့် ဦးနုက မဲဆွယ်ရာ သန့်ရှင်းဖဆပလကို ထောက်ခံအားပေးနေသော သတင်းစာတို့ကလည်း မသိ မသာ ခပ်ဆွယ်ဆွယ်မဟုတ်၊ ပြောင်ပြောင်တင်းတင်းပင် တိုက်တွန်းရေးသား ကြသည်။
တည်မြဲဖဆပလက သူတို့အားထောက်ခံသော အမတ်များစာရင်းကို မဏ္ဍိုင်သတင်းစာထဲကနေ ထည့်သွင်းကြညာ လိုက်သောအခါ သတင်းစာတချို့ လိုက်ရေးကြပြန်၏။ အခြေအနေကြည့်ကာ နောက်ဆုံးကျမှ ကပ်ပြီး အနိုင်ရမည့် ဘက်ထောက်ခံမည့် ခြံစည်းရိုးခွထိုင် သာကူးအမတ်များကို ကာတွန်းဖြင့် ကလိကြပြန်သည်။ သတင်းစာများသည် မိမိတို့၏ ရပ်တည်ချက်ကနေခွာပြီး သကာလ သတင်းစာဖတ်သူတို့ စိတ်ဝင်စားရာနောက်လိုက်နေမိမှန်းမသိ လိုက်နေမိကြလေပြီ။

ဖဆပလ အကွဲအပြဲကို လူအများ စိတ်ဝင်စားကြ၊ လိုက်ကွဲကြ၊ ဆဲကြသည့်အထဲ သတင်းစာများစွာ ပါသွားလေရာ တစ်ချိန် က အတိုက်အခံ မရှိသောပါလီမန် လွှတ်တော်အတွက် တာဝန်ယူခဲ့ဖူးသော အစဉ်အလာ ဂုဏ်သိက္ခာလည်းပျက်၊ ထိုဖဆပ လ အကွဲအပြဲကနေ တိုင်းပြည်မည်သည့်ဘက်ဆီ ဦးတည်နေသည်ကို သတိထား ဝေဖန်ရေးသားဖို့ ဝေလာဝေး၊ မိမိတို့ သတင်းစာများ၏ အနာဂတ်ကို ပင်မတွေး၊ ဆဲလို့ကောင်းရင်း မြောင်းထဲဆင်းနေကြသည်ဟု ကျွန်တော်သုံးသပ်မိပါ၏။

No comments:

Post a Comment