Monday, January 25, 2016

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး Myanmar National Symphony Orchestra Concert- 2016 တေးဂီတဖျော်ဖြေပွဲ တက်ရောက် ကြည့်ရှုအားပေး



နေပြည်တော် ဇန်နဝါရီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်ဇနီး ဒေါ်နန်းရွှေမှုန်တို့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂  ၌ကျင်းပသည့် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံမှ တေးဂီတပညာရှင် ဂီတမှူး မစ္စတာ ယူနိုစုခဲ ယာမာမိုတို ဦးဆောင်သော အနုပညာရှင် အဖွဲ့တို့ ပူးပေါင်း ဖျော်ဖြေသည့် Myanmar National Symphony Orchestra Concert- 2016  ဂီတဖျော်ဖြေပွဲသို့ တက်ရောက် ကြည့်ရှု အားပေးသည်။









ဂီတဖျော်ဖြေပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်အားပေးကြသည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံ တီးဝိုင်းနှင့်အတူ ဂျပန်နိုင်ငံမှ တေးဂီတပညာရှင် ဂီတမှူး မစ္စတာ ယူနိုစုခဲ ယာမာမိုတို နှင့်ဇနီး စန္ဒရားပညာရှင် မစ္စ ကျိုးကို ကိုယာမနှင့် ကမ္ဘာကျော် ဂျက်ဇ်ဂီတပညာရှင် မစ္စတာ ယိုစုခဲ ယာနာရှိတတို့က ကမ္ဘာကျော်ဂန္တဝင်တေးသွားများနှင့် ရုပ်ရှင်တေးများ ၊ ဂျက်ဇ်တေးသွားများနှင့် မြန်မာလူမျိုးများအတွက် မရိုးနိုင်သည့် မြန်မာတေးသီချင်း များဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ဖျော်ဖြေပွဲအပြီးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးတို့က ဂျပန်ဂီတပညာရှင် (၄) ဦးတို့အား ဂုဏ်ပြုပန်းစည်းပေးအပ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက နိုင်ငံတော် သံစုံတီးဝိုင်းအား ဂုဏ်ပြုပန်းခြင်း ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီးတို့သည် ဂီတပညာရှင်များ ၊ ဖျော်ဖြေပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
နိုင်ငံတော် သံစုံတီးဝိုင်းကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး  အမေရိကန်၊ အင်္ဂလန်၊ ဩစတြီးယား၊ ဂျာမနီ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့မှ ကျော်ကြားသည့် ဂီတပညာရှင်များထံမှ ဂီတပညာရပ်များကို ဆည်းပူး လေ့လာခဲ့ကြသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများ သို့လည်း ပညာတော်သင် သွားရောက်ခဲ့ကြသကဲ့သို့ တောင်ကိုရီးယား၊ ဂျပန် ၊ ထိုင်း ၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက် ဖျော်ဖြေခဲ့ကြ သည်။ ၂၀၁၃ ခုနှစ် အကုန်နှင့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်နှင့် မန္တလေး မြို့ကြီးများအပြင် ကမ္ဘောဒီးယားနိုင်ငံရှိ ရှေးဟောင်း အန်ကောဝပ်ဘုရားကျောင်း၌ ပြင်သစ် ဂီတပညာရှင်များနှင့် ပူးပေါင်း၍ ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် မြို့မတူရိယာအသင်း နှစ်(၉၀)ပြည့် အထိမ်းအမှတ် အဖြစ် နိုင်ငံတော် သံစုံတီးဝိုင်းနှင့် မြို့မတူရိယာ အသင်းတို့ ပူးပေါင်းကာ မန္တလေးမြို့၊ အမျိုးသား ကဇာတ်ရုံတွင် လေးရက်ကြာ ဖျော်ဖြေ တင်ဆက်ခဲ့သည်။
ဂျပန်လူမျိုး တေးဂီတပညာရှင် ဂီတမှူး မစ္စတာ ယူနိုစုခဲ ယာမာမိုတိုနှင့်ဇနီး မစ္စကျိုးကို ကိုယာမတို့သည် မြန်မာမိတ်ဆွေများ၏ ဖိတ်ကြားချက် အရ ၂၀၁၃ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့ကြပြီး မြန်မာလူမျိုးတို့၏ ရင်းနှီးဖော်ရွေမှုနှင့် ဂီတက ပေါင်းစပ်ပေးလိုက်သည့် ရေစက်တို့ကြောင့် ၎င်းအချိန်မှ အစပြုကာ ဂီတနှင့် ပတ်သက်သည့် လွယ်ကူရိုးရှင်းသော လေ့ကျင့်ခန်းများနှင့် အစမ်း လေ့ကျင့်ပွဲများကို လုပ်ဆောင် ခဲ့ကြကြောင်း၊ ၎င်းနှစ် စက်တင်ဘာလတွင် မြန်မာ နိုင်ငံတော် သံစုံတီးဝိုင်းနှင့် အတူ ဂီတ အစီအစဉ်တစ်ခုကို စတင် ရိုက်ကူးခဲ့ရာမှ မြန်မာ နိုင်ငံ သံစုံတီးဝိုင်းနှင့်အတူ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက မြန်မာနိုင်ငံရှိ ဂီတလှုပ်ရှားမှုများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
မစ္စတာ ယူနိုစုခဲ ယာမာမိုတို ခေါင်းဆောင်သော အနုပညာရှင်အဖွဲ့သည် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တေးဂီတဌာနခွဲမှ နိုင်ငံတော် သံစုံတီးဝိုင်းအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၆၀)ပြည့် အထိမ်းအမှတ် ဖျော်ဖြေပွဲအတွက် လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်သံစုံ တီးဝိုင်းအဖွဲ့နှင့် ပူးပေါင်းဖျော်ဖြေ တင်ဆက်ရန်အတွက် လည်းကောင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် လာရောက်၍ လေ့ကျင့် သင်ကြားပေးခဲ့သည့် အပြင် ၂၀၁၃ ခုနှစ် မတ် ၂ ရက် ၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂ ရက် နှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ တို့တွင် ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ဖျော်ဖြေ တင်ဆက်ပွဲများ ကျင်းပခဲ့ပြီး TV Program များလည်း ရိုက်ကူးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment