Friday, January 22, 2016

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ၃၆ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇန်န၀ါရီ  ၂၂
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၆ ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီတွင်ကျင်းပရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း ၃ ခုအား အတည်ပြုခြင်း နှင့် အဆုံးအဖြတ် ရယူခြင်းတို့  ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ လာသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ အလိုက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ထို့နောက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။
ဆက်လက်၍ ၂၀၁၆ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း တစ်ရပ်လုံးအား လွှတ်တော်မှ အတည်ပြု နိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်က အဆိုတင် သွင်းရာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲသည့် စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူအတည်ပြုသည်
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို ဇန်န၀ါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပရန် လျာထားကြောင်း သိရသည်။


No comments:

Post a Comment